အီသီယိုးပီးယားတွင် ကျိုင်းကောင်ပြဿနာ အဆိုးရွားဆုံး ရင်ဆိုင်နေရ

အီသီယိုးပီးယားနိုင်ငံက စိုက်ပျိုးမြေတွေပေါ် ဧရာမကျိုင်းကောင်အုပ်ကြီးတွေ ကျူးကျော်လာလို့ ကောက်ပဲသီးနှံတွေ ပျက်စီးပြီး စားနပ်ရိက္ခာ ဖြန့်ဖြူးမှုနဲ့ သန်းချီတဲ့လူတွေရဲ့ လူနေမှုဘဝတွေကို ခြိမ်းခြောက်နေပါတယ်။ အာဖရိကအရှေ့ပိုင်းနိုင်ငံရဲ့ လက်ရှိကျိုင်းပြဿနာဟာ ၂၅ နှစ်အတွင်း အဆိုးရွား အပြင်းထန်ဆုံးလို့လည်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၂၀ ရက်မှာ ‌ရေးပါတယ်။ ၁ စတုရန်းကီလိုမီတာ အကျယ်ထဲမှာရှိတဲ့ ကျိုင်းကောင်အုပ်ဟာ လူ ၃ သောင်းခွဲ စားသလောက် စားနပ်ရိက္ခာကို တရက်တည်းနဲ့ ကုန်အောင် စားနိုင်ပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးသင့်လို့ စားနပ်ရိက္ခာ လုံခြုံရေး ထိခိုက်နေတဲ့  အီသီယိုးပီးယားမှာ ကျိုင်းကောင်ကျတဲ့ ပြဿနာကို ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ကြီး (FAO) က ကူညီနေရပါတယ်။ ကျိုင်းကောင်တွေကို တိုက်ဖျက်ရာမှာ ဆေးဖျန်းရာမှာ ကူညီဖို့ ရဟတ်ယာဉ်တစီးနဲ့ လေယာဉ်တစီးကို တာဝန်ပေးမယ်လို့ အီသီယိုပီးယားဆိုင်ရာ (FAO) ကိုယ်စားလှယ် ဖှာတူမာဆေ့ဒ်က ပြောပါတယ်။ ကျိုင်းကောင်တွေကို တိုက်ဖျက်ရာမှာ လိုအပ်တဲ့ ဆေးဖျန်းစက်တွေ ကားတွေလို ပစ္စည်းတွေနဲ့ ပိုးသတ်ဆေးပံ့ပိုးမှု ကွင်းဆက်တွေဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် အနှောင့်အယှက် ကြုံနေရပါတယ်။ ကျိုင်းအုပ် စတင်ထွက်လာရာ ယီမင်နိုင်ငံရဲ့ နေရာအများအပြားမှာ ပဋိပက္ခတွေ ပရမ်းပတာတွေ ဖြစ်နေလို့ လေယာဉ်နဲ့ ပိုးသတ်ဆေးဖျန်းဖို့ မဖြစ်နိုင်လောက်အောင် အခြေအနေ ဆိုးနေပါတယ်။ မိုးကြီး ရေလွှမ်းတာတွေလို မကြုံစဖူး မိုးလေဝသ အခြေအနေတွေကြောင့် ကျိုင်းကောင်တွေ အီသီယိုးပီးယားအထိ ရောက်လာတာပါ။ ကျိုင်းအုပ်ဟာ အီသီယိုးပီးယားကို စရောက်ခါစ ဖြစ်ပြီး ၂၀၂၁ နှစ်ထဲမှာ ကင်ညာနိုင်ငံဆီထိ ဆက်ကူးသွားနိုင်တယ်လို့လည်း ဖှာတူမာဆေ့ဒ်က ပြောခဲ့ပါတယ်။

//
More News
Up