Home
ဆောင်းပါး
လမ်းမကောင်း၊ မီးမမှန်၊ ဆေးခန်းမရှိတဲ့ ဘီယာရွာလေး (သတင်းဆောင်းပါး)
နော်နိုရင်း
·
October 20, 2020
122224146_10221131873659842_6093468952582831873_o
122122290_10221131875419886_8971988312619612648_o
122108398_10221131876619916_5667026986711332893_o
122088408_10221131874379860_2034931515949204669_o
121989419_10221131876379910_8581892294478714996_o
121779747_10221131873859847_9145203179411262974_o
121703948_10221131875139879_7233989297051656921_o
121700231_10221131876139904_735191523275247202_o
121696605_10221131874099853_7658376240927027632_o
121674710_10221131875899898_1860911284313530080_o
121638709_10221131874579865_5091474460030741369_o
121625259_10221131873459837_3230142033410676555_o
“ဘီယာ”ရွာဆိုတာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက် ဟိုယာကျေးရွာအုပ်စု ထဲက ကျေးရွာတရွာလေးဖြစ်ပြီး မြို့နဲ့သိပ်မဝေးပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် လူသူအရောက် အပေါက် နည်းတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။ အဆိုပါကျေးရွာဟာ ကယောလူမျိုးစု၊ ခရစ်ယာန်ဘာသာ ယုံကြည်ကိုးကွယ်သူတွေ သာနေထိုင်ကြပြီး အိမ်ခြေအားဖြင့် ၁၁၆ အိမ် လူဦးရေအားဖြင့် ၅၅၀ ခန့်ရှိတဲ့ရွာလေးတရွာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့ကနေသွားရင် ၃ နာရီလောက်သာဝေးတဲ့ ဒီကျေးရွာဟာရဲ့ ရေမြေသဘာဝ တောတောင်တွေဟာ သာယာလှပလွန်းသလို ရာသီဥတုကလည်း အေးမြပြီး အနားယူချင်စဖွယ်နေရာ ဖြစ်ပါတယ်။ ဒေသခံရွာသားတွေဟာ တောင်ယာနဲ့လယ်ကိုသာ လုပ်ကိုင်စားသောက်ကြပြီး အနည်းစုကတော့ ဖာလာစိုက်ပျိုး ကြပါတယ်။ တောင်ယာနဲ့လယ်ကနေ ရရှိတဲ့ဆန်တွေကိုလည်း တနှစ်စာအတွက်သူတို့စားသောက်ဖို့သာ ရရှိပြီး ရောင်းချတာမျိုးတွေ မလုပ်ဆောင်နိုင်တဲ့အတွက် ဝင်ငွေမရှိသလောက်နည်းပါးကြပါတယ်။ သူတို့ရွာကို လူသူအရောက်အပေါက်နည်းနေပေမယ့် အခုလို ရွေးကောက်ပွဲအချိန်ရောက်လာတိုင်း ပါတီတွေက သွားရောက်မဲဆွယ်တာမျိုးတွေလုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၀ အရပ်သားတပိုင်း ဒီမိုကရေစီအစိုးတက်လာပြီး နောက်ပိုင်း ဒီရွာကိုကားသွားနိုင်အောင်လမ်းတွေ ဖောက်ပေးခဲ့ပါတယ်။ ၂၀၁၅ ရွေကောက်ပွဲမှာတော့ ပါတီစုံကလာရောက်မဲဆွယ်ခဲ့ကြပြီး အပြောင်းအလဲတခုကို လိုလားတဲ့သူတို့အဖို့ အန်အယ်ဒီပါတီကိုမဲပေးခဲ့ကြပါတယ်။ အန်အယ်ဒီပါတီအစိုးရတက်လာပြီး ပထမနှစ်တွေမှာတော့ လမ်းကိုကားသွားလာနိုင်အောင် ကျောက်ခင်းလမ်း ဖောက်လုပ်ပေးခဲ့သလို၊ လျှပ်စစ်မီးရရှိအောင် လျှပ်စစ်မီးတိုင်တွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါအပြင် ရွာအတွက် ကျောင်းဆောင်တဆောင်ကိုလည်း ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါလမ်းဟာ အခုချိန်ထိ ချောချောမောမောသွားနိုင်တဲ့လမ်းအဆင့်မရှိသလို လျှပ်စစ်မီး လျှပ်စစ်တာဝါတိုင်တွေသာ ရွာအထိရောက်ရှိပေမယ့် မီးက မကြာခဏပျက်သလို တခါပျက်ရင်လည်း လနဲ့ချီ ပျက်တာတွေလည်း ရှိနေတယ်လို့ ကျေးရွာဆယ်အိမ်မှူး ဦးဂျိုးဝါးနီက ပြောပါတယ်။ “ မီးကတော့ ကျနော်တို့ရတာ ၅ နှစ် ၆ နှစ်လောက်တော့ရှိပါပြီ။ ဒါပေမဲ့ မီးပုံမှန်တော့မရပါဘူး။ တခါတလေ ဆိုရင် တစ်လပျက်လိုက်၊ နှစ်လပျက်လိုက် အဲလိုရှိတယ်။ တခါတလေ နှစ်ရက်၊ သုံးရက်၊ ဟိုတလောကတောင်မှ တောင်ယာမှာ မီးကြိုးတွေ ပျက်ကျတာ တလလောက်ခံသွားတယ်။ အဲဒါ EPC နဲ့ဆိုင်တာလား အစိုးရနဲ့ဆိုင်တာလား ကျနော်တို့လည်းမသိဘူးပေါ့နော်။ ” ဟိုယာလမ်းခွဲကနေ ဘီယာရွာကိုသွားဖို့ ၆ မိုင်သာကွာဝေးပေမယ့် ကျောက်ခင်းလမ်းဖြစ်တာကြောင့် သွားရချိန် ၄၅ မိနစ်ခန့်အချိန်ပေးရသလို တောင်အမြင့်ကြီးပေါ်တက်ပြီး မညီမညာတဲ့လမ်းပေါ်သွားရတဲ့ အတွက် သွားလာမှုအတွက် အတော်ပင်ခက်ခဲမှုတွေရှိနေပါတယ်။ “တံတာတွေလည်း ပြုတ်ကျကုန်တော့မှာ လုပ်ထားတဲ့တံတားတွေပေါ့နော်။ ကျနော်တို့ ဟိုယာ-ဘီယာလမ်းက အခက်အခဲရှိတယ်ဆိုတာ လူကြီးတိုင်းလည်းသိပြီးသား။ ဟိုယာဘီယာလမ်း ကား ၃ စီးလိမ့်ကျပြီးပြီဆိုတာ ကျနော်တို့အမြဲတမ်းတင်ပြထားတာရှိတယ်။ ဒါဟိုယာ-ဘီယာ ကြားပဲရှိသေးတာနော်။ အခက်အခဲဘယ်လိုရှိလဲဆိုတော ကျနော်တို့ရွာသားတွေပဲသိပါတယ်။ ” လို့ ဦးဂျိုးဝါးနီက ပြောပါတယ်။ ဒါအပြင် မိုးတွင်းမှာ ကမ်းပါပြိုတာတွေ၊ ရေတိုက်စားမှုကြောင့် ပျက်စီးတာတွေဆိုရင်လည်း ရွာသားတွေအနေနဲ့ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ပြုပြင်ပြီးသွားလာနေကြရကြောင်းလည်း ပြောပါတယ်။ အလားတူပဲ ရွာတွင်းက မူလွန်ကျောင်းဟာဆိုရင်လည်း ကျောင်းသားဦးရေက များပြီး ကျောင်းက သေးငယ်နေလို့ ကျောင်းသားမဆံ့တဲ့အနေအထား ဖြစ်နေတဲ့အတွက် ကျောင်းဆောင်သစ်လိုအပ်သလို ဆရာဆရာမတွေနေထိုင်ဖို့ အတွက် အိမ်ရာ လိုအပ်နေတယ်လို့ သင်းအုပ်ဆရာတော် ဦးဆားအီက ပြောပါတယ်။ “ ကျောင်းမှာကျတော့ ကလေးတွေက ၁၂၀ ရှိပါတယ်။ အခုမူလွန်ကျောင်းဖြစ်သွားတာပေါ့နော်။ လောလောဆယ် ကျောင်းက အခန်းနည်းတာပေါ့။ အတန်းများတယ်၊ အခန်းနည်းတယ်။နောက်ပြီး ကလေးလည်းများတဲ့အခါကျတော့ ကျောင်းဆောင်ကို တိုးချဲ့ပေးဖို့ပေါ့။ ” အဆိုပါမူလွန်ကျောင်းဟာ ၇ တန်းအထိရှိပြီး  အခန်း ၃ ခန်းသာရှိတဲ့အပြင်  အခန်း ၂ ခန်းမှာလည်း သစ်တွေဆွေးနေပြီဖြစ်တာကြောင့် သုံးလို့မရတော့တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါ့အပြင် ဆရာဆရာမတွေနေထိုင်ဖို့ ရွာက ကိုယ်ထူကိုယ်ထ စနစ်နဲ့အိမ်တလုံးဆောက်ထားပေမယ့် မလုံလောက်တဲ့အနေအထားဖြစ်နေရပါတယ်။ “ကျနော်တို့ကျောင်းဆရာက ဒေသခံ တဦးပဲရှိတယ်ခင်ဗျာ။ ကျန်တဲ့ဟာ ဟိုရန်ကုန်က တခြားနယ်က နေလာတာပေါ့။ သူတို့လာတဲ့အချိန် ကျနော်တို့ အိမ်တွေရှာရတာနဲ့ ကျနော်တို့မှာ တော်တော်အခက်အခဲရှိတယ်။ ” ဒါတင်မကပါဘူး။ လူ ၆၀၀ နီးပါးရှိတဲ့ကျေးရွာမှာ ကျန်းမာရေးဆေးရုံဆေးခန်းမရှိဘဲ ဖြစ်နေတဲ့အတွက် အရေးပေါ်ကျန်းမာရေးဖြစ်လာတိုင်း အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရ တယ်လို့လည်း သင်းအုပ်ဆရာ ဦးဆားအီက ပြောပါတယ်။ “ပြီးခဲ့တဲ့ တလက ကျနော့်ကလေးတယောက်က ဝက်သက်ရောဂါဖြစ်တယ်ပေါ့နော်။ ဖြစ်တော့ ဒီရွာမှာလည်း မဖြစ်ဘူး။ မရှိတဲ့အတွက်ကျနော်ဟာ ဟိုယာကိုကျောပိုးသွားတာပေါ့။ ကားကလည်းမရှိဘူး။ ဆိုင်ကယ်ကလည်း သူက မစီးနိုင်ဘူးပေါ့နော်။ လမ်းကြမ်းတော့၊ ကျနော်ကိုယ်တိုင်သူ့ကို ပိုးပြီးတော့မှ ဟိုယာသွားတယ်။ ဟိုယာသွား‌တော့ ဆရာမတွေက ဟိုယာမှာမနိုင်ဘူး ဖရူဆိုဆက်သွားမှရမယ်။ ဖရူဆို ရောက်လည်းရောက်တော့ ရောဂါအခြေအနေ ဆိုးပါတယ်။ လွိုင်ကော်ဆက်သွားမှရမယ်ဆိုတဲ့အခါမှာ ကလေးကို လွိုင်ကော်မှာ ဆက်ခေါ်သွားတယ်။ ဆက်ခေါ်သွားတော့ ဆရာမတွေက ကားငှားပေးတာ။ ဒါပေမဲ့ ကားငှားခက ကိုယ့်ဘာသာကိုယ်ပေးရတာပေါ့နော်။ တဆင့်ပြီးတဆင့်ပေါ့သွားရပါတယ်။ ရောဂါက သက်သာသွားပါတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေးအရ ကျနော်တော်တော်လေးကို ဖြတ်သန်းလာရ ပါတယ်။” ဒီလိုဖြစ်ရတာလည်း ရွာမှာ ကျန်းမာရေးအတွက် ဆေးခန်းမရှိသလို ဆရာဝန်လည်းမရှိရတဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့်  ကျေးရွာအတွင်းဆေးခန်း တစ်ခန်းလောက် လိုလား နေကြပါတယ်။ “ကျနော်တို့လူဦးရေများတယ်၊ ဖျားနာတဲ့လူတွေများတယ်၊ ကျနော်တို့ ဆေးခန်းတော့လိုအပ်တယ်။ ကျနော်တို့ဆီမှာ ကျန်းမာရေးဝန်ထမ်းဆိုလို့ အစိုးရက မရှိဘူးပေါ့နော်။ ဒါပေမယ့်အဖွဲ့အစည်းက ပို့ပေးတဲ့ ကျန်းမာရေးဝန်ထမ်းတော့ရှိတယ်။ ဒါပေမဲ့ ဆေးခန်းမရှိဘူး။ သူတို့က တခြားရွာမှာသွားပြီး တာဝန်ထမ်း ဆောင်ရတာပေါ့နော်။ တကယ်လို့များ အစိုးရက ကျနော်တို့ကို ဆေးခန်းတကယ်ဆောက်ပေးမယ်ဆိုလို့ရှိရင် သူတို့က ဝန်ထမ်းမခန့်ပေးနိုင်သည့်တိုင်အောင် ကျနော်တို့ အခုန အဖွဲ့စည်းကပေးတဲ့ဝန်ထမ်းက ပြန်လည်ပြီးမှ ထမ်းဆောင်လို့ရတာပေါ့နော်။ သူတို့က ဒီမှာပြန်လည်တာဝန်ထမ်း ဆောင်လို့ရှိရင် အစိုးရကနေ ပြန်လည်ပြီးမှ တရားဝင်ဝန်ထမ်းခန့်ဖို့ အဲလို ကျနော်တို့က သဘောကျတာပေါ့နော်။ အဲလိုဆိုရင် ကိုယ့်ဒေသနဲ့ကိုယ်၊ ကိုယ်လူနဲ့ကိုယ်ဆိုတော့ ပိုပြီးမှ ထိရောက်မှုရှိတာပေါ့နော်။  ” ဒီလိုရွာသားတွေအနေနဲ့ ရွာတွင်းအခက်အခဲကို ပြည်နယ်အစိုးရကိုတင်ပြလိုပေမယ့် နည်းလမ်းမသိကြသလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်းရွာအထိ ကွင်းဆင်းတာတွေမရှိတဲ့ ရွာတွင်းအခက်အခဲကိုတင်ပြနိုင်ခွင့် မရှိခဲ့ဘူးလို့လည်း သင်းအုပ်ဆရာတော် ဦးဆားအီက ပြောပါတယ်။ “ ကျနော်တို့ဘက်မှာက ကွင်းဆင်းလေ့လာမှုမရှိဘူးပေါ့နော်။ အမှန်က ကျေးရွာရဲ့အခက်အခဲကို ကွင်းဆင်းလေ့လာမှုလာလုပ်လို့ရှိရင် ကျနော်တို့က တင်ပြလို့ရတာပေါ့။ အခုက သူတို့ ကျနော်တို့ရွာအထိ လိုအပ်တဲ့ လမ်းပန်းဆက်သွယ်မှု၊ ပညာရေးကျန်းမာရေး၊ သူတို့လာပြီးတော့ ကွင်းဆင်မပေးတဲ့အတွက်ကြောင့် ကျနော်တို့လည်း အခုထက်ထိပေါ့နော် လမ်းပန်းဆက်သွယ်ရေးကော၊ ပညာရေးကော ကျန်းမာရေးကော အခက်အခဲတွေ ကြံတွေ့နေရပါတယ်။ ” ဘီယာကျေးရွာလမ်း အဆင့်မြင့်တင်ပေးဖို့နဲ့ ကျောင်းဖို့နဲ့ ကျောင်းဆောင်သစ် ၁ ဆောင်တိုးတည် ဆောက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ရုံးကို ကြယ်ပွင့်မပြမေးခွန်းကို ဖရူဆိုမြိုနယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အောက်တိုဘာ ၁၅ ရက် မေးမြန်းထားပါတယ်။ ဘီယာကျေးရွာဟာ ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ နယ်မြေအတွင်းမှာ ရှိတဲ့ကျေးရွာဖြစ်ပြီး လက်ရှိမှာလည်း တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအပါအဝင် ပါတီစုံက မဲဆွယ်စည်းရုံးမှုတွေ သွားရောက်လုပ်ဆောင်နေကြ ပါတယ်။ ဘယ်ပါတီပဲ တက်တက် သူတို့ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့်လူကို လိုလားတယ်လို့လည်း ဦးဆားအီက ပြောပါတယ်။ “ စိတ်ကူးထားတာကတော့ တယောက်နဲ့တယောက်တော့ စိတ်ကူးယဉ်တော့မတူဘူးပေါ့လေ။ ဒါပေမဲ့ အခုကျနော်တို့ အားပေးမယ့်ပုဂ္ဂိုလ်က ကျေးရွာအတွက် တကယ်အလုပ်လုပ်မယ်၊ လူထုအတွက် တကယ်အကျိုးဆောင်ခဲ့မယ်ဆိုလို့ရှိရင် ဘယ်သူက အကျိုးဆောင်မလဲဆိုတာ၊ ဘယ်သူက တကယ်လုပ်မလဲ အဲဒါကတော့ အဖြေကတော့ မပေးနိုင်သေးပါဘူး။” အောက်တိုဘာ ၁၇ ရက်က အဆိုပါ ဘီယာကျေးရွာကို ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲဆွယ်စည်းရုံးရေးခရီးသွားရောက်ခဲ့ပြီး ကိုယ်စားလှယ်လောင်း မအယ်ဗာလင်းကတော့ ရွေးကောက်ပွဲနိုင် သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဒေသလူငယ်တွေအတွက် လူငယ်ဖွံ့ဖြိုးရေးစင်တာဖွင့်လှစ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ မည်သို့ပေဆိုစေကာမူ လမ်းပန်းဆက်သွယ်ရေးအခက်ခဲပြီး စီးပွားရေးအဆင်မပြေတဲ့၊ ပညာရေးနဲ့ ကျန်းမာရေးအခက်အခဲဖြစ်နေတဲ့ ဘီယာကျေးရွာသားတွေအဖို့ လာမယ့်ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာတဲ့အခါ သူတို့အတွက်ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024