DVB Logo
Home
Lead Story
အမှန်တရား၏ ဒဏ်ခတ်မှု၌ ပျော်မွေ့တတ်သော (ယမင်းမြတ်အေး) စာအုပ်အညွှန်း
DVB
·
October 20, 2020
အမှန်တရား၏ ဒဏ်ခတ်မှု၌ ပျော်မွေ့တတ်သော (ယမင်းမြတ်အေး) စာအုပ်အညွှန်း
1 / 2
Donate to DVB

၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံသမိုင်းစာအုပ်ဖြစ်တယ်။ ဒီစာအုပ်ဟာ ၈၈၈၈ ဒီမိုကရေစီတိုက်ပွဲကြီး၊ ပြည်သူ့ အရေးတော်ပုံကြီးအကြောင်း ဖြစ်ပါတယ်။ ထူးခြားနေတာက သတင်းမှတ်တမ်းသက်သက် မဟုတ်။ အနုအလှ လူ့သဘာဝ အချစ် အလွမ်း အဖွဲ့အနွဲ့တွေနဲ့ မှတ်တမ်းတွေကို ရောစပ် စီခြယ် ရက်လုပ်ထားတယ်။ ကြားဖူးသမျှတော့ Docu-drama ဒါမှမဟုတ် New Journalism ဒါမှမဟုတ် Literary Journalism သတင်းအချက်အလက် သုတေသနနဲ့ စာရေးသူရဲ့ ရသ ဖန်တီးချက် ပေါင်းစပ်ထားတာမျိုး ဆိုပါတော့ဗျာ။

အမှန်တရား၏ ဒဏ်ခတ်မှု၌ ပျော်မွေ့တတ်သော (စာအုပ်ခေါင်းစဉ်)
“ဒီမိုကရေစီတိုက်ပွဲကား အလျော်အစား ကြမ်းတမ်းလွန်းလှပါလား။” ဟု တွေးရင်း နေ့ရက်များကို ကျော်ဖြတ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ယင်းမှာ အမှန်တရား တခုလည်း ဖြစ်လာသည်။ သို့သော် ခါးသီးသော အမှန်တရား။ ထိုခါးသီးမှုများကြားမှ ဘဝ၏ချိုမြိန်မှုကို သူတို့လို တော်လှန်ရေးသမား အများစုက ရှာဖွေနေကြရသည်။ နောက်ဆုံးတော့ အမှန်တရား၏ ဒဏ်ခတ်မှုအောက်တွင်ပင် အသားကျပြီး ပျော်မွေ့စွာ နေထိုတ်တတ်ခဲ့လေပြီ။ “
ဒါက ၈၈၈၈ အရေးတော်ပုံကြီး တလျှောက်- ထောင်- အချုပ်- ရက်ရက်စက်စက် အနှိပ်စက်ခံရ- ချစ်သူနဲ့လွဲ- မိသားစုတွေလည်း ဒုက္ခရောက်- အဲ့ဒီနောက် အမှန်တရား ဒဏ်ခတ်မှုမှာပဲ ပျော်မွေ့တတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် သုံးရောင်ခြယ် ကျောင်းသားအဖွဲ့ ခေါင်းဆောင် ကိုမြတ်စံရဲ့ စိတ်ဓာတ်၊ ဒီစိတ်ဓာတ်ကိုပဲ ဆရာမ ယမင်းမြတ်အေးက ဝတ္ထုရဲ့ ခေါင်းစဉ်ပေးခဲ့တယ်။

၈၈၈၈ သမိုင်းကို ပုံဖော်ခဲ့သူများ

ကိုမြတ်စံအပြင်၊ ဒေါ်သန်းသန်းဉီး၊ ကိုအောင်ကျည်စိုး၊ ဘုန်းမော်၊ စိုးနိုင်၊ မြင့်ဦး၊ ကီလီဆိပ်ကမ်း လုပ်သားများ၊ ဝင်းမော်ဦး၊ ဒေါက်တာဝင်းဇော်၊ ဒေါက်တာစောလွင်၊ သမားတော်ကြီးဦးကြည်စိုး၊ ကိုဌေးကြွယ်၊ ကိုကိုလတ်၊ မင်းကိုနိုင်၊ စာရေးဆရာကြီးမောင်သော်က၊ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း၊ ရုပ်ရှင်းသား ထွန်းဝေ၊ ဦးထွေးမြင့်၊ မောင်မောင်ကြွယ်၊ မိုးကလျာ၊ မိုးကလျာရဲ့မောင်နဲ့ သက်ခိုင်၊ နောင်ရိုးတင်ဝင်း၊ ဂယက်နီ၊ မန္တလေးဆန္ဒပြပွဲမှာ ပထမဆုံး သေနတ်ထိသေသူ မောင်ဘိုနောင်နောင်ဝင်း၊ ဗိုလ်ကြီးဆိုင်ဟတ်၊ ရှေ့နေဦးရဲထွန်း၊ ရှေ့နေဦးကျော်အုန်း၊ ဒေါက်တာစံသာဖြူ၊ ဦးနေမင်းနဲ့ ခရစ္စတိုဖာဂါးနက် အစရှိသူ ဇာတ်ကောင် အများအပြား ပါဝင်ခဲ့တယ်။
ဒါပေမဲ့ ဒီစာအုပ်ဇာတ်လမ်းကို စတဲ့အခါ ခရစ္စတိုဖာဂါးနက်နဲ့ စတယ်။ ၈၈၈၈ ဖြစ်လာဖို့မှာ သူဟာ BBC သတင်းထောက် ဘဝနဲ့ အရေးအပါဆုံးလူ။ ပြီးတော့နေမင်း နေမင်းကလဲ အဓိကအကျဆုံးလူ၊ နောက်ပြီး ၈ ရက် ၈ လ ၁၉၈၈ မနက် ၈ နာရီ ၈ မိနစ်မှာ ပထမဆုံး စ လျောက်ခဲ့ကြတဲ့ ကီလီဆိပ်ကမ်းအလုပ်သမားများ၊ နောက် ၈၈၈၈ နေ့ ပထမဆုံး အလံထောင် လမ်းလျှောက်သူ မောင်မောင်ကြွယ်၊ မိုးကလျာ၊ မိုးကလျာရဲ့မောင်နဲ့ သက်ခိုင်တို့ လေးယောက်၊ သူတို့နောက်မှာ လိုက်လာကြတဲ့ ဆန္ဒပြပြည်သူလူထုကြီး၊

၈၈၈၈ အခါတော်ပေးသူ နေမင်းနဲ့ ခရစ္စတိုဖာဂါးနက်
၁၉၈၈ ခုနှစ် မတ် ၁၃ ရက် အင်းစိန် RIT အရေးအခင်း သတ်ဖြတ်ပွဲ။
၁၉၈၈ ခုနှစ် မတ် ၁၆ တံတားဖြူ အရေးအခင်း သတ်ဖြတ်ပွဲ။
၁၉၈၈ ခုနှစ် ဇွန် ၂၁ မြေနီကုန်းမီးပွိုင့် အလယ်တန်း ကျောင်းသူ ကျောင်းသားလေး ၅ ဦး သေဆုံးတဲ့ ပစ်သတ်ပွဲတွေအပြီး ဘီဘီစီသတင်းထောက် ခရစ္စတိုဖာဂါးနက်ဟာ အရေးအခင်း သတင်းတွေယူဖို့ ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက် ရန်ကုန် ရောက်တယ်။ ရှေ့နေ နေမင်းနဲ့ တွေ့ပြီး နေမင်းကို သတင်းထောက်လုပ်ခိုင်းပြီး ၁ ပတ်ပဲ ဗီဇာရလို့ ဒက္ကာကို ဇူလိုင် ၂၉ မှာ ပြန်သွားတယ်။ နေမင်းက ဆန္ဒပြပွဲသတင်း‌တွေ ဒက္ကာကိုပို့နေ ဘီဘီစီကလည်း လွင့်နေရင်းက ဩဂုတ်လဆန်းမှာ ၈၈၈၈ ဖြစ်မဲ့သတင်းကို အခုလိုပို့လိုက်တယ်။ ဒါက ဗေဒင်အလို၊ သမိုင်းအလို၊ လူထုမကျေနပ်မှုတွက်ကိန်းအလို အရပါတဲ့။
“ ၈၈၈၈ ဆုံရာ နေ့ရက်တရက်ဖြစ်သည့် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် ကျောင်းသားလူငယ်များ ဦးဆောင်၍ တပြည်လုံးအတိုင်းအတာဖြင့် ဒီမိုကရေစီတောင်းဆိုပွဲကြီး ပြုလုပ်လိမ့်မည်ဟု သတင်းခေါင်းစဉ်တပ်ကာ ဒက္ကာရှိ ခရစ္စတိုဖာဂါးနက်ထံသို့ ပေးပို့လိုက်လေသည်။” (နေမင်း)

၈၈၈၈ အရေးတော်ပုံကို စတင်လိုက်တဲ့ ကီလီကမ်းနား အလုပ်သမားများ
ဘီဘီစီက ကြေညာတဲ့အတိုင်း အချိန်တိကျ စခဲ့သူတွေက ကီလီဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားတွေ ဖြစ်တယ်။ ၁၉၈၈ ခုနှစ် မနက် ၈ နာရီ ၈ မိနစ်မှာ ကီလီက စထွက်ပြီး ဗိုလ်တထောင် ဆိပ်ကမ်း အလုပ်သမားတွေနဲ့ သွားပေါင်းခဲ့တယ်။ ဒါကို ကားတွေနဲ့ စောင့်နေတဲ့ လုံထိန်း၊ ရဲတွေ မသိလိုက်။ အုပ်လိုက်ချီတက်တယ်။ အလံမထောင် ကြွေးကျော်သံတွေ မအော်ဟစ်ကြလို့ အရေးမယူ မတားဆီးခဲ့တာ ဖြစ်ပုံရတယ်။ ဒီမြင်ကွင်းကို သတင်းထောက်နေမင်းက ဒက္ကာရှိ ဘီဘီစီ သတင်းထောက် ခရစ္စတိုဖာဂါးနက်နဲ့ စကားပြန် ဒေါက်တာစံသာဖြူတို့ဆီ ပေးပို့ခဲ့တယ်။

၁၉၈၈ ဩဂုတ် ၈ ရက် ဆန္ဒပြပွဲ စတင်ဖောက်ခွဲသူများ (မောင်မောင်ကြွယ်၊ မိုးကလျာ၊ မိုးကလျာ၏မောင်နှင့် သက်ခိုင်)
၈ ရှစ်လေးလုံးမနက် သူတို့ ၄ ဦး အတူရှိတယ်။ ဆူးလေဘုရားဘေး ၃၃ လမ်းထိပ်မှာ။ အားလုံးက ကြွေးကျော်သံတွေ အော်လာမယ့် လူအုပ်စုကြီးကို မျှော်နေကြပြီ။ ဒါပေမဲ့ မနက် ကိုးနာရီလောက်ထိ ပေါ်မလာဘူး။ ဒီကြောင့် စိတ်မရှည်တဲ့ မောင်မောင်ကြွယ်က အသင့်ယူလာတဲ့ ခွပ်ဒေါင်းအလံကို ထုတ်လိုက်တယ်။ လက်ဖက်ရည်ဆိုင်က ဝါးလုံးတလုံးကိုယူ အလံတိုင် လုပ်လိုက်ပြီး စတင် ဖောက်ခွဲ ချီတက်တယ်။ မိုးကလျာ၊ မိုးကလျာရဲ့မောင်၊ သက်ခိုင်တို့နဲ့အတူပေါ့။ အလံကိုင် ကြွေးကြော်လာတဲ့ ကျောင်းသား ကျောင်းသူ ၄ ယောက်ဆီကို လူတွေ စုဝင်လာကြတယ်။ တစ်ဆယ်၊ တစ်ရာ၊ နောက်တော့ ထောင် သောင်းချီပေါ့။ အဲ့ဒါ ၈ လေးလုံး အရေးတော်ကြီး စတင်လိုက်တာ။ ၈ ရက် ဩဂုတ် ၁၉၈၈ ခုနှစ်……..

ခြုံပြောရရင်
အမှန်တရား၏ ဒဏ်ခတ်မှု၌ ပျော်မွေ့တတ်သော (စာအုပ်) ကို ခြုံပြောရရင် သတင်းသမားနဲ့ BBC သတင်းဌာနရဲ့ ထုတ်လွင့်ချက်တွေ၊ ကျောင်းသားသမဂ္ဂ ဗကသများ အဖွဲ့ချုပ် ပြန်ပေါ်လာတာနဲ့ အဖွဲ့ကွဲ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု၊ အာဏာရှင်ပြုတ်ကျဖို့ တသီးပုဂ္ဂလ တိုက်ပွဲဝင်ခဲ့ကြသူတွေ၊ စစ်တပ်၊ ရဲနဲ့ လုံထိန်းတွေရဲ့လက်ချက်နဲ့ လမ်းတွေပေါ် သေဆုံးခဲ့ကြရတာတွေ၊ ထောင် အကျဉ်းစခန်းတွေမှာ နှိပ်စက်တာ သေဆုံးရတာတွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေါ်ပေါက်လာတာ၊ သူ့ကို ဝန်းရံ လက်တွဲသူတွေ ပေါ်လာတာ၊ မဆလမင်းဆက် ၄ ဆက် ပြုတ်ကျတာ၊ စစ်တပ် အာဏာသိမ်းပွဲ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပေါ်ပေါက်လာတာ၊ ၁၉၉၀ ရွေးကောက်ပွဲ၊ အာဏာကို ပြည်သူ့ဆီ မလွှဲပဲ လူဖမ်းပွဲတွေလုပ်ခဲ့တာ၊ နောက်ဆုံး ၈၈၈၈ ငွေရတုပွဲမြင်ကွင်းများ အထိ သယ်ဆောင်လာခဲ့သော ဇာတ်လမ်း။ ၈၈၈၈ သမိုင်းကို အလွမ်း အဆွေး အနုအလှ ရသများနဲ့ သတင်းအချက်အလက် အဖြစ်အပျက် ရက်စွဲများ ရောယှက် စီခြယ် ပေါင်းစပ်ဖလှယ်ပြီး လက်ရာမြောက် ရေးသားထားသော…………..

စာအုပ်အမည် – အမှန်တရား၏ ဒဏ်ခတ်မှု၌ ပျော်မွေ့တတ်သော
စာရေးသူ – ယမင်းမြတ်အေး
စာမျက်နှာ – ၃၇၀
စာအုပ်တိုက် – မြန်မာ့နွေဦး စာပေတိုက်၊ ရန်ကုန် (ပထမအကြိမ်) 09971597438
တန်ဖိုး – ၅၀၀၀ ကျပ်

 

မောင်တူး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013