Home
မြန်မာသတင်း
ရန်ကုန်တွင် ကိုဗစ်-၁၉ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဟု အတိုင်ပင်ခံပုဂ္ဂိုလ် ပြော 
DVB
·
October 20, 2020
ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့အပတ်ထဲက ကိုဗစ်-၁၉ ရောဂါအတိုင်းအတာ တစ်ခုအထိ ထိန်းချုပ် လာနိုင်ပြီး မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှာတော့ နည်းနည်းပိုပြီးတက်လာတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က “အခုရက်ပိုင်းအတွင်းပေါ့။ အရင်တပတ်အတွင်းမှာဆိုရင် ရန်ကုန်တိုင်းဒေသကြီးဟာ အတိုင်းအတာတခုအထိ ထိန်းချုပ် လာနိုင်ပြီဆိုတာ တွေ့ရပါတယ်။ လုံးဝထိန်းချုပ်နိုင်တယ်လို့ ပြောတာမဟုတ်ပါဘူး။ အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်တာပေါ့။ ဒါပေမဲ့ တချိန်တည်းမှာတော့ တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဥပမာဆိုရင် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာတော့ နည်းနည်းပိုပြီး တက်လာတယ်ဆိုတာ ကျမတို့သတိပြုမိပါတယ်။ အဲဒီတော့ နေရာတိုင်းမှာ သတိထားဖို့လိုပါတယ်။ ရန်ကုန်မှာတင် အန္တရာယ်ရှိတယ်ဆိုပြီး မပေါ့ကြပါနဲ့။ ကိုယ့်တိုင်းဒေသကြီး၊ ကိုယ့်ပြည်နယ်ကိုလည်း ရောက်လာနိုင်တယ်၊ အချိန်မရွေး ရောက်လာနိုင်တယ် ဆိုတာ သတိပြုစေချင်ပါတယ်”လို့ ပြောပါတယ်။ ပြည်သူတွေဟာလည်း ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့အချက်အလက်တွေ တော်တော်သိနေပြီလို့ ထင်ပြီး သိနေရုံနဲ့မလုံလောက်ဘဲ ဒီအချက်အလက်တွေအပေါ်မှာ အခြေခံပြီး နေထိုင်တတ်ဖို့က အဓိကအရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။ “ရောဂါပိုးရှိတဲ့သူတယောက်ကနေ ၁၀၀ လောက်အထိ ပြန့်ပွားနိုင်ပါတယ်။ အထူးသဖြင့်ပေါ့။ စောစောစီးစီး မတွေ့ရင် တယောက်ကနေပြီးတော့ သူနဲ့ပြောဆိုဆက်ဆံတဲ့၊ ဆိုပါတော့ ၂၀ လောက် အထိပြန့်သွားတယ်။ ၂၀ ထဲက တယောက်ချင်း၊ တယောက်ချင်းကနေ စပြန့်မယ်ဆိုရင် တယောက်ကနေပြီးတော့ ၁၀၀ လောက်အထိတောင်မှ ပြန့်နိုင်တယ်။ ဒါထက်မက မများဘူးလို့လည်း ပြောလို့မရပါဘူး။ ဒါကြောင့် သတိဆိုတာ အခုအချိန်မှာ လွန်ကဲတယ်လို့ မရှိဘူးဆိုတာ ထပ်ပြီး သတိပေးပါရစေ။” ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပြီးတဲ့နောက်မှာ ပြည်သူတော်တော်များများ စီးပွားရေးကို ရုန်းကန်နေရတဲ့ ဘဝရောက်လာတယ်ဆိုတာ သတိပြုမိသလို နိုင်ငံတော်ဘက်ကနေ ဘယ်လောက်အထိ ဘယ်လိုနည်းနဲ့ ဖြည့်ဆည်းပေးမလဲဆိုတာကိုလည်း စဉ်းစား ဖြည့်ဆည်းပေးနေတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၇၂၀၅  ယောက်၊ သေဆုံးသူ ၉၁၄   ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၇၅၆၈  ယောက် ရှိပြီဖြစ်ပါတယ်။ ဓာတ်ပုံ- State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024