Home
မြန်မာသတင်း
အောက်စဖို့ဒ်တက္ကသိုလ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မှု အခြေစိုက်စခန်းအဖြစ် ထိုင်းကို ရွေးချယ်
DVB
·
October 20, 2020
အောက်စဖို့ဒ်တက္ကသိုလ်က အာဆီယံဈေးကွက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးဖြန့်ဝေမှုတွေ လုပ်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံကို ထုတ်လုပ်မှုအခြေစိုက်စခန်းတခုအနေနဲ့ ရွေးချယ်လိုက်တယ်လို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ထရေဆူရီ ထိုင်ဆာရာနာကူလ်က အစိုးရအနေနဲ့ ပြည်သူ့ကျန်းမာရေးအတွက် ဘတ်ငွေ ၁ ထရီလီယံသုံးစွဲဖို့ စီစဉ်ထားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူထုတ်လုပ်မှုလုပ်ငန်းတွေအတွက် ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အနေနဲ့ ဘတ်ငွေ ၄၀ ဘီလီယံ ခွဲဝေပေးသွားဖို့ ရှိနေတယ်လို့ ပြောပါတယ်။ သိပ်မကြာသေးခင်ကမှ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင်ချာဗီရာကူလ်တို့ဟာ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးနဲ့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ရေးအတွက် သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာပါ။ “အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးလုပ်ငန်းတွေက လူသားတွေနဲ့ စမ်းသပ်တဲ့အဆင့်တွေလည်း လုပ်ဆောင်နေပြီး တိုးတက်မှုတွေ ရှိနေပါတယ်”လို့ ထရေဆူရီက ပြောပါတယ်။ ထိုင်း ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့ဟာ ကာကွယ်ဆေး ထုတ်လုပ်မှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် Siam Bioscience  ကုမ္ပဏီရဲ့ စက်ရုံကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024