တောင်အာဖရိက ကျန်းမာရေးဝန်ကြီးနှင့် ဇနီးဖြစ်သူတို့ ကိုဗစ်-၁၉ ကူးစက်ခံရ

တောင်အာဖရိကနိုင်ငံ ကျန်းမာရေးဝန်ကြီး ဒေါက်တာ Zweli Mkhize နဲ့ ဇနီးဖြစ်သူတို့ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတယ်လို့ news24 သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ သူတို့ ဇနီးမောင်နှံမှာ ရောဂါကူးစက်ခံထားရတဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ရပြီးနောက် စစ်ဆေးမှုခံယူခဲ့ချိန်မှာ Positive ဖြစ်နေတာကို တွေ့ရှိခဲ့ရတာပါ။ အောက်တိုဘာ ၁၈ ရက်နေ့ညပိုင်းက ဒီအကြောင်းကို ဝန်ကြီးက သူ့ရဲ့ တွစ်တာ အင်တာနက်လူမှုကွန်ရက်ပေါ်ကတဆင့် ပြည်သူတွေကို ခုလိုရေးသားပြီး အသိပေးထားပါတယ်။ “အများပြည်သူကို ကျနော် အသိပေးချင်တာကတော့ ဒီနေ့ နေ့လယ်ပိုင်းလောက်က ကျနော့်ဇနီးနဲ့ ကျနော်တို့ နှစ်ယောက်စလုံးဟာ ကိုဗစ်-၁၉ ရောဂါ Positive ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ကျနော့်မှာ ရောဂါလက္ခဏာနည်းနည်းပြတာမို့ မနေ့က သွားရောက်ပြီး ဆေးစစ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။” ဝန်ကြီးဟာ အသက် ၆၄ နှစ်အရွယ် ရှိနေပြီဖြစ်ကာ သူက မောပန်းနွမ်းနယ်နေခဲ့ပြီး အရသာမသိတော့ဘဲ ဖြစ်လာခဲ့ကြောင်း ရောဂါလက္ခဏာနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ “ကျနော့် အမျိုးသမီးကတော့ ချောင်းဆိုးတယ်၊ မူးဝေတယ်။ ပြီးတော့ မောဟိုက်နေခဲ့တာပါ။ ဆေးပညာရှင်တွေကတော့ သူ့ကို ဆက်ပြီးတော့ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့နဲ့ ရေဓာတ်ဖြည့်ပေးဖို့ အကြံပြုထားကြပါတယ်။ ကျနော်တို့နဲ့ ပြီးခဲ့တဲ့တပတ်က ထိတွေ့မှု ရှိခဲ့သူတွေထဲမှာတော့ မိသားစုဝင်အနည်းစုနဲ့ ကျနော့်ရဲ့ ကျန်းမာရေးဝန်ကြီးဌာန ရုံးအဖွဲ့ဝင်တွေပါပဲ။ သူတို့ကိုလည်း နေအိမ်မှာပဲ သီးခြားနေထိုင်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ကြဖို့ ကျနော်အကြောင်းကြားထားပြီးပါပြီ။ ကျနော်ကိုယ်တိုင်နဲ့ ကျနော့်ဇနီးပါ လက်ရှိမှာတော့ နေအိမ်မှာ သီးခြားခွဲနေထိုင်နေကြပြီး ဒီရောဂါကနေ အမြန်ဆုံးပြန်လည်ပျောက်ကင်း သက်သာလာဖို့ မျှော်လင့်ပါတယ်။” တောင်အာဖရိကပြည်သူတွေကိုလည်း ဝန်ကြီးက နှာခေါင်းစည်း Mask အကာအကွယ် တပ်ဆင်ကြဖို့၊ လူစုလူဝေး ရှောင်ကြဉ်ကြဖို့နဲ့ တကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ “ကျနော်တို့အားလုံး ကျရှုံးသွားလို့ မဖြစ်ပါဘူး။ ဘာကိုပဲလုပ်လုပ်၊ ဘယ်ကိုပဲ သွားသွား ကျနော်တို့အားလုံးဟာ (ကိုဗစ်-၁၉) ဒုတိယလှိုင်း သတိရှိကြရပါမယ်။ ဒီရောဂါက ကျနော့်လို လှုပ်ရှားသွားလာမှုတွေ၊ လူတွေနဲ့ ထိတွေ့မှုတွေကတဆင့် ကူးစက်ပျံ့နှံ့နေတာ ဖြစ်ပါတယ်၊။ ဒါကြောင့်ဖို့ ကျနော်တို့အားလုံး ကိုယ်ချစ်ခင်ရသူတွေနဲ့ ကိုယ်တိုင်အတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာကြရမှာ ဖြစ်ပါတယ်။” တောင်အာဖရိကနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇ သိန်းကျော်၊ သေဆုံးသူ ၁ သောင်း ၈ ထောင်ကျော်နဲ့ အာဖရိကနိုင်ငံတွေထဲမှာ ကူးစက်မှု အမြင့်ဆုံး ဖြစ်ပါတယ်။ “ကျနော် ကွာရန်တင်းကာလမှာ အနားယူပြီး ပြန်အားဖြည့်ရပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံ၊ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ တာဝန်တွေ ရှိနေသေးလို့ပါပဲ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up