Home
ဆောင်းပါး
အတ္ထုပ္ပတ္ထိ စာရေးဆရာ တက္ကသိုလ်စိန်တင် ပြောခဲ့တာတွေ
DVB
·
October 19, 2020
အံ့ဖွယ်လိလိ၊ ထုပ္ပတ္ထိများ ရေးသားပြုစု၊ စာဆိုမှုဖြင့် လူထုကြည်ညို၊ တက္ကသိုလ်စိန်တင် အမည်ထင်ရှား၊ ကျော်ကြားသူမှာ ကွယ်လွန်ရှာပေ၊ ကျမျက်ရည်တည့် ဖြေမချိပါပြီတကား။ ။ မောင်တူး သူ့အသက် ၈၆ နှစ်အရွယ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်က ကွယ်လွန်သွားတဲ့ စာရေးဆရာကြီး တက္ကသိုလ်စိန်တင်ဟာ ထင်ရှားသူတွေရဲ့ အတ္ထုပ္ပတ္ထိ စာအုပ်တွေ တော်တော်များများ ရေးခဲ့သူပါ။ ဒါ့အပြင် သတင်းစာ ဂျာနယ်တွေမှာ သမိုင်းဆိုင်ရာ၊ အတ္ထုပ္ပတ္ထိဆိုင်ရာ၊ ဇာတိမာန်ဆိုင်ရာဆောင်းပါးတွေ ခပ်စိပ်စိပ်ရေးခဲ့သူ သက်တော်ရှည် စာရေးဆရာကြီးပါ။ သူ့ ၁၁ နှစ် အရွယ် ၁၉၄၆ ခုနှစ် မတ်လထုတ် သတင်းစုံ ဂျာနယ်မှာ “ကြည်ညိုဖွယ်ကောင်းလို့ ခညောင်းတဲ့ ပူဇော် မန်းရွှေစက်တော် ခရီးသွားဆောင်းပါး”နဲ့ ပထမဦးဆုံး စာပေနယ်ကို ဝင်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ကွယ်လွန်ချိန်မှာ သူ့စာရေးသက် ၇၄ နှစ် ရှိပါပြီ။ သူ့ လုံးချင်းစာအုပ်ပေါင်း ၄၀ ကျော်ရှိခဲ့တာပါ။ ပထမဆုံးစာအုပ်ကတော့ ၁၉၆၆ ခုနှစ်ထုတ် “နှင်းမှုန်ကြားမှတပ်နီတော်” စာအုပ်၊ ၁၉၆၇ ခုနှစ်ထုတ် “ကမ္ဘာ့ ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်” “ဟစ်တလာ၏ သစ္စာဧကရီ” “၁၉၄၅ မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေးသမိုင်း” “ရဲဘော်သုံးကျိပ် မော်ကွန်း” “ငွေဓားဗိုလ်” ၂၀၀၈ ခုနှစ် အမျိုးသားစာပေဆုရ- “တိုင်းကျိုးပြည်ကျိုးဆောင် (TPS) ဘွဲ့ရ မေတ္တာ စေတနာ ကရုဏာရှင် ဘွားဦးဇွန်းအတ္ထုပ္ပတ္ထိ” စတဲ့ စာအုပ်ပေါင်း ၄၀ ကျော် ၅၀ နီးပါး ဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့ ထင်ရှားတဲ့ သက်တော်ရှည်စာဆိုတော်ကြီး တယောက် မကွယ်လွန်ခင် ပြောသွားတဲ့ စကားတွေကတော့ . . . စာရေးဆရာကြီး သိပ္ပံမောင်ဝရဲ့ နာမည်အရင်းကိုယူပြီး ကျွန်တော့ကလောင်နာမည် မှည့်ထားတာ။ (တက္ကသိုလ်စိန်တင်) ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကို တဦးတည်း ပိုင်ဆိုင်ထားသူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ (တက္ကသိုလ်စိန်တင်) ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဆောက်ဖို့ ပံ့ပိုးရမဲ့ ကျောင်းသားတွေ အသိ မထက်မြက်သေးဘူး။ (တက္ကသိုလ်စိန်တင်) တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မလုပ်နိုင်သေးတာ ဗမာတွေညံ့တယ်ဗျာ။ အမြန်လုပ်ကြပါဗျာ။ (တက္ကသိုလ်စိန်တင်) တက္ကသိုလ်စိန်တင်ရဲ့ စာအုပ်တွေဟာ သမိုင်းတွေကို ပြောနေခဲ့တယ်။ ထင်ပေါ် ကျော်ကြားတဲ့သူတွေအကြောင်း တွေကိုလဲ ပြောပြခဲ့ပါတယ်။ ဆရာကြီးဟာ ရှေးမှီနောက်မီ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်တာပါ။ ဒါကြောင့် သူပြောဆိုခဲ့တဲ့ သမိုင်းစကားတွေ၊ လက်ရှိကာလ ဒီမိုကရေစီတော်လှန်ရေး၊ ကျောင်းသားလှုပ်ရှားမှုတွေအပေါ် အမြင် သဘောထားတွေကို တင်ပြလိုက်ပါတယ်။ စာရေးဆရာကြီး သိပ္ပံမောင်ဝရဲ့ နာမည်အရင်းကိုယူပြီး ကျွန်တော့ကလောင်နာမည် မှည့်ထားတာ။ (တက္ကသိုလ်စိန်တင်) တက္ကသိုလ်စိန်တင် ဘာတွေပြောခဲ့သလဲ ဆိုတဲ့အထဲမှာ သူ့ရဲ့ ကလောင်အမည် ဘယ်လိုနဲ့ ဖြစ်လာသလဲ ဆိုတာကို သူက စံတော်ချိန်သတင်းစာနဲ့ ၂၀၁၉ ခုနှစ် နို၀င်ဘာလ တီဗွီ အင်တာဗျူးမှာ အခုလို ပြောခဲ့ဖူးပါတယ်။ “မြန်မာ့သမိုင်းမှာ ပျူစောထီးဆိုတဲ့ လေးသမား မုဆိုး သူရဲကောင်း တယောက် ရှိခဲ့ဘူးတယ်။ ကျုပ်က ပြူစောထီးလို မုဆိုး ဖြစ်ချင်တယ်လို့ ပြောတော့ ကျွန်တော့ အမေဒေါ်စုစုက သားက မုဆိုး မလုပ်ရဘူးတဲ့။ သားကို စိန်တင်လို့ နာမည်ပေးထားတာဟာ စာရေးဆရာကြီးသိပ္ပံမောင်ဝရဲ့ နာမည်အရင်း ဦးစိန်တင်ကိုယူပြီး ပေးထားတာတဲ့။ သား ကြီးလာရင် စာရေးဆရာ ဖြစ်ရမယ်။ စာတွေဖတ်၊ စာတွေရေးပါတဲ့။ ဒီလိုနဲ့ ကျွန်တော့နာမည် တက္ကသိုလ် စိန်တင်နဲ့ စာရေးဆရာ ဖြစ်လာတာ။” တက္ကသိုလ်စိန်တင်ကို ဖြူးမြို့မှာ ၁၉၃၅ ခု၊ ဩဂုတ်လ ၂၇ ရက်၊ အင်္ဂါနေ့ အဖအငြိမ်းစားကျောင်းဆရာ ကြေးမုံသတင်းထောက် ဦးညွန့်၊ အမိ ကျောင်းဆရာမ ဒေါ်ခင်စု (ဒေါ်စုစု) တို့က ဖွားမြင်ခဲ့တယ်။ မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်သား ဖြစ်တယ်။ ငယ်မည် ဆတ်ထူးဖြစ်ပြီး အမည်ရင်းက ဦးစိန်တင်ပါ။ သူ့ရဲ့ ကလောင်ခွဲတွေကတော့ တက္ကသိုလ် မောင်လှမှူး၊ ရွှေတူဂျာနယ်မှာ 'ဘုန်းကြီးကျောင်းသား သာဂိ' နဲ့ ဆောင်းပါးတွေ ရေးသားခဲ့ပြီး ၁၉၇၀ ပြည့်နှစ်ထုတ် 'ပညာရှင်တို့ ပျော်ရာ မြေ' ဘာသာပြန် စာအုပ်မှာ 'စိမ့်မောင်' နာမည်နဲ့ ရေးခဲ့ပါတယ်။ ဆရာကြီးရဲ့ ဇနီးဟာ စာရေးဆရာမ 'စိမ့် (ပညာရေး)' ဖြစ်တယ်။ တက္ကသိုလ်စိန်တင်ရဲ့ “ တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ စာအုပ် ” “၂၀၁၁ ခုနှစ် အိန္ဒိယ၊ နီပေါ၊ ဗုဒ္ဓဂယာ ဓမ္မ ခရီးသည် စာအုပ် ” ၂ အုပ်ကို ဇနီး “စိမ့် (ပညာရေး)” နဲ့ တွဲရေးခဲ့ပါတယ်။ [caption id="attachment_417916" align="alignleft" width="561"] ဓာတ်ပုံ - စံတော်ချိန်[/caption] ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကို တဦးတည်း ပိုင်ဆိုင်ထားသူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ (တက္ကသိုလ်စိန်တင်) ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို တက္ကသိုလ်စိန်တင်က သုတေသနပြု စုဆောင်းပြီး စာအုပ်ရေးခဲ့တယ်။ ဒါကြောင့် အောင်ဆန်းရာပြည့် အကြောင်း ၂၀၁၅ ခု ဖေဖော်ဝါရီက ဒီဗွီဘီနဲ့ မေးမြန်းချိန် တက္ကသိုလ်စိန်တင်က အခုလို ပြောခဲ့တယ်။ “ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်လို့ ဒီနေ့ ပြောနေကြတယ်။ အောင်ဆန်းလမ်းစဉ်ဟာ တက္ကသိုလ်စိန်တင်ရဲ့ အမြင်မှာ ၃ ခု ရှိပါတယ်။ ပထမဆုံးလမ်းစဉ်က လွတ်လပ်ရေး စိတ်ဓာတ်ပါ။ ဒုတိယလမ်းစဉ်က ဒီမိုကရေစီရေးပါ။ တတိယ လမ်းစဉ်က ငြိမ်းချမ်းရေးပါ။ နံပတ် ၁ သည် လွတ်လပ်ရေးပါ။ တိုင်းပြည်လွတ်လပ်ရေးအတွက် ဆိုကြပါစို့ခင်ဗျာ။ ဟို နိုင်ငံကြောက်နေရ၊ ဒီနိုင်ငံ ကြောက်နေရတဲ့ စကားတွေမပြောကြပါနဲ့။ တိုင်းပြည်ဟာ ဘယ်သူ့မှ ကြောက်စရာမရှိ ပါဘူး။ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီးတော့။ ကိုယ်အင်အားနဲ့ကိုယ် ရပ်ပြီးတော့ ကိုယ့်အမျိုးသားရေး စိတ်ဓာတ်နဲ့ ကိုယ်ရပ်ပြီးတော့၊ ကိုယ့်ရင်ကြားစေ့ရေးနဲ့ကိုယ် ရပ်ပြီးတော့၊ ကိုယ့် ဒီမိုကရေစီရေးကိုကိုယ် တည်ဆောက်ပြီး တော့ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုပါဘူး။ လွတ်လပ်ရေးစိတ်ဓာတ်ဟာ ဗိုလ်ချုပ် အောင်ဆန်း စိတ်ဓာတ်ပါပဲ။ ကျနော် မြင်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်ပြီးတော့ လွတ်လပ်ရေး တိုက်ပွဲကို အသက်စွန့် တိုက်ခိုက်ခဲ့သလိုပဲ ဒီနေ့ခေတ် မြင်ရတာကတော့ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ လွတ်လပ်ရေးစိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီမိုကရေစီရေးစိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငြိမ်းချမ်းရေးစိတ်ဓာတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီး ရရှိထားသူကတော့ မြန်မာ နိုင်ငံမှာ တဦးတည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။” တက္ကသိုလ်စိန်တင်ရဲ့ စာအုပ်များ (၄၇ အုပ်) [caption id="attachment_417917" align="alignright" width="561"] ဓာတ်ပုံ - စံတော်ချိန်[/caption] နှင်းမှုန်ကြားမှ တပ်နီတော် (ဘာသာပြန်)၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်အတ္ထုပ္ပတ္တိ - ၁၉၆၇ ခုနှစ် ငွေဓားဗိုလ် - ၁၉၆၈ ခု၊ ရဲဘော်သုံးကျိပ် မော်ကွန်း - ၁၉၆၈ ခု၊ ၁၉၄၅-မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေးသမိုင်း - ၁၉၆၉ ခု၊ ထန်း - ၁၉၆၉ ခုနှစ်၊ ဟစ်တလာ၏ သစ္စာဧကရီ (ဘာသာပြန်) - ၁၉၇၂ ခုနှစ်၊ ကံ့ကော်မြိုင်တန်း လွမ်းပန်းဝေဝေ - ၁၉၇၃ ခုနှစ် ချစ်သော ဆန်နီနှင့် အခြား ဝတ္ထုများ - ၁၉၇၃ ခုနှစ်၊ နွေမင်းသားနှင့် ဆောင်းဧကရီ - ၁၉၇၃ ခုနှစ် မြန်မာနိုင်ငံရေးဇာတ်ခုံမှ စောစံဖိုးသင် - ၁၉၇၄ ခုနှစ်၊ ဗိုလ်တိုက်ချွန်း - ၁၉၇၅ ခုနှစ်၊ ဧကရီ စုဖုရား - ၁၉၇၅ ခုနှစ် အိုဘယ့် အနော်ရထာ - ၁၉၇၆ ခုနှစ်၊ မုန်တိုင်းဗိုလ်ရဲဒင် - ၁၉၇၇ ခုနှစ်၊ သည်းထိတ်ရင်ဖို စာပဒေသာ - ၁၉၇၉ ခုနှစ် ပုဂံမှာ ကျန်စစ်သား - ၁၉၈ဝ ပြည့်နှစ်၊ ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချို - ၁၉၈ဝ ပြည့်နှစ် ရေခဲတိုက်မှာ ကြွေတဲ့ အသည်းနှင့် သည်းထိတ် ရင်ဖို လက်ရွေးစင် စာပဒေသာ - ၁၉၈ဝ ပြည့်နှစ် သိင်္ဂီဆောင် အခန်း အမှတ် (၃) - ၁၉၈၁ ခုနှစ်၊ ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်း - ၁၉၉ဝ ပြည့်နှစ် အကျဉ်းခံ သီပေါ - ၁၉၉၁ ခုနှစ်၊ ပခုက္ကူ ဦးအုန်းဖေ (ဘဝ ခရီးနှင့် အောင်မြင်နည်း အတွေ့အကြုံများ) - ၁၉၉၃ ခုနှစ် ဆိုဗီယက် ယူနီယံ ပြိုကွဲခြင်း - ၁၉၉၅ ခုနှစ်၊ မြန်မာ့ တော်လှန်ရေး အာဇာနည် ပုဂံ ဗိုလ်ချို - ၁၉၉၅ ခုနှစ် ပုဂံ ရှာပုံတော် (၁)-(နာရသီဟပတေ့မင်း၊ မိဘုရားစောလုံ၊ ဖွားစော) ၁၉၉၈ ခုနှစ်၊ မြင်ကွန်းနှင့် ကနောင် - ၁၉၉၈ ခုနှစ် ပုဂံရှာပုံတော် (၂)-(အနန္တသူရိယ၊ နရပတိစည်သူမင်း၊ ဝေဠုဝတီမိဖုရား) ၁၉၉၉ ခုနှစ် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲနှင့် သခင်ဗစိန် - ၂ဝဝ၁ ခုနှစ်၊ နန်းကျ ဘုရင် သီပေါ (ဘာသာပြန်) မင်းတုန်းမင်း၏ နောက်ဆုံးနေ့များ၊ ၁၉၇၃။ အာရပ်-အစ္စရေး သဲကန္တာရစစ်ပွဲ။ မိန်းမချောကလေးများ မချစ်ရ ထို့ကြောင့် မိန်းမဟု ခေါ်သည်။ စတီရီယိုမင်းသမီး။ ကျွန်တော်တို့ အမေ။ အန္တရာယ်တောင်ကြား (ဘာသာပြန်) တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ (စိမ့်-ပညာရေး)နှင့်တွဲဖက်၍။ ၂၀၀၁-ခုနှစ်၊ အိန္ဒိယနီပေါ ဗုဒ္ဓဂယာ ဓမ္မခရီးသည် (စိမ့်-ပညာရေး)နှင့်တွဲဖက်၍။ သီပေါဘုရင်နှင့် စုဘုရားလတ် အိုဘယ့် ရာဇကုမာရ်။ ဘွားဦးဇွန်း - ၂၀၀၇ခုနှစ်အတွက် အမျိုးသားစာပေဆု(စာပဒေသာ) ရရှိသည်။ ပုဂံရှာပုံတော်(၃) (အလောင်းစည်သူမင်း နရသူနှင့် ပဘာဝတီမိဖုရား)၊ နန်းမတော်မယ်နု ရှာပုံတော် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း။ သိပ္ပံမောင်ဝ(ဘဝနှင့်စာပေ) သခင်များနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး(၁၉၃၀-၁၉၄၈) ---- စုစုပေါင်း ၄၇ အုပ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဆောက်ဖို့ ပံ့ပိုးရမဲ့ ကျောင်းသားတွေ အသိ မထက်မြက်သေးဘူး။ (တက္ကသိုလ်စိန်တင်) ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်မှာ ကျောင်းသားလှုပ်ရှားမှုကို အမြစ်ဖြတ်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်း စစ်တပ်က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ ဒီ တကသ အဆောက်အဦကြီး အသစ်ပြန် မဆောက်နိုင်သေးတာဟာ ကျောင်းသားတွေ အသိမထက်မြက် သေးတာကြောင့်လို့ တက္ကသိုလ်စိန်တင်က စံတော်ချိန်နဲ့ ၂၀၁၉ ခုနှစ် နို၀င်ဘာ တီဗွီ အင်တာဗျူးမှာ အခုလို ပြောခဲ့တယ်။ “ အရေးကြီးတာ တခု ဆရာ ပြောချင်တာက တို့တတွေ နိုင်ငံရဲ့ နှစ် ၅၀ ကျော်ကာလမှာ ဆုံးပါးစရာတွေ အများကြီး ဆုံးပါးခဲ့ပြီးပြီ။ နောက်ထပ် အနှစ် ၅၀ လောက် ပြန်လည် ကြိုးပမ်းတာတောင်မှပဲ လွန်ခဲ့သော အနှစ် ၅၀ က မြန်မာနိုင်ငံလို ရောက်မှ ရောက်ပါ့မလားလို့ စိုးရိမ်သောက ရောက်နေတဲ့အချိန် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ကြိုးစားကြပါ။ ရိုးရိုးသားသား ကြိုးစားကြပါ။ ပြဿနာ မရှာကြပါနဲ့။ အဓိက အကျဆုံးအချက်က ပြောချင်တာကတော့ နိုင်ငံရေး အသိကြွယ်အောင် ကြိုးစား ကြပါ။ နမူနာတခု ပြောလိုက်မယ်နော်။ ဒီကနေ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦကြီး ပြန်မဆောက် နိုင်သေးဘူး။ ဆောက်လို့ရတဲ့အချိန်ရောက်နေပါပြီ။ ဆောက်လို့ရတဲ့ ဆောက်ခွင့်ပေးထားတဲ့ အစိုးရနဲ့တွေ့နေပါပြီ။ မဆောက် နိုင်သေးဘူး။ ဘာဖြစ်လို့လဲ။ ဘယ်သူ့မှအပြစ်မတင်ချင်ပါဘူး။ ဆောက်ဖို့အတွက် ပံ့ပိုးရမယ့် ကျောင်းသားတွေမှာရှိတဲ့ အသိပည ဟာ ထက်ထက်မြက်မြက် အောင်အောင် မြင်မြင် မရှိသေးတဲ့အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီး မဆောက်နိုင်သေးဘူး။ အလွန် စိတ်ဝမ်းနည်းဖို့ကောင်းပါတယ်။ အဲ့တော့ ဘာဖြစ်လို့လဲ။ နှစ် ၅၀ ကြုံခဲ့ရတဲ့ တို့ ကျောင်းသားတွေရဲ့ အသိပညာတွေဟာ တိုးတက်ဖွံ့ဖြိုးမှု မရှိလာကြသေးလို့ လို့ ဆရာ ယူဆတယ်။” တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မလုပ်နိုင်သေးတာ ဗမာတွေညံ့တယ်ဗျာ။ အမြန်လုပ်ကြပါဗျာ။ (တက္ကသိုလ်စိန်တင်) ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ခဲ့တယ်။ ဒီနေ့ တိုင်းရင်းသားအခွင့် အရေးဟာ ဘယ်အခြေအနေရောက်နေပြီလဲ။ ၂၀၁၅ ခု ဖေဖော်ဝါရီလက ဒီဗွီဘီက တီဗွီ အင်တာဗျူး မေးမြန်းချိန် တက္ကသိုလ်စိန်တင်က အခုလို ဖြေခဲ့ပါတယ်။ “ကျွန်တော် ပင်လုံကို ပြန်ကောက်ချင်တယ်။ ပင်လုံကို လုပ်ကြတဲ့အချိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆွေးနွေးကြချိန် တိုင်းရင်းသားတွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းရင်းသားချစ်ကြည်စည်းလုံးရေး စိတ်ဓာတ်ကို ဦးတည် လက်ခံ ဆွေးနွေးကြတဲ့အတွက် ၁၉၄၇ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ မှာ စာချုပ်ခဲ့တယ်။ အရေးကြီးတာ ပြောပါ့မယ်။ ပင်လုံစာချုပ်ထဲမှာ တခုပါလာတယ်။ နောင် ၁၀ နှစ်ကြာရင် ခွဲထွက်လိုလျှင် ခွဲထွက်ပိုင်ခွင့်အချက် ထဲ့ရ မယ်။ ဗိုလ်ချုပ် မထည့်ချင်ပါဘူး။ ဒါမထည့်ရင်လဲ တိုင်းရင်းသားတွေက ဆုပ်ကိုင်ထားတယ်ဗျ။ ဗိုလ်ချုပ်ကထည့် ပေးလိုက်ရတယ်။ အဲ့သည်မှာ ခေါင်းဆောင်တယောက်က နောင် ၁၀ နှစ်ကြာ တိုင်းရင်းသားတွေ ခွဲထွက်သွားရင် ဘယ်လို လုပ်မလဲတဲ့။ ဗိုလ်ချုပ် ပြန်ပြောတာက ၁၀ နှစ်ကြာလို့တောင်မှပဲ သူတို့ ပြည်ထောင်စုထဲက ခွဲမထွက်ချင် အောင် မလုပ်နိုင်ဘူးဆိုရင် ဗမာတွေ ညံ့လို့ပေါ့ဗျလို့ ပြောတယ်။ အမှန်အတိုင်း ပြောမယ်ဗျာ။ ဗမာတွေ ညံ့တယ်ဗျာ။ စစ်တပ်က အာဏာသိမ်းတယ်။ ကျိုင်းတုံစော်ဘွား အပါအဝင် စဝ်ရွှေသိုက်အပါအဝင် အကုန်လုံး ထောင်ထဲထည့်၊ မီမီသိုက်ဆို ကျဆုံးသွားတယ်။ ဒါတွေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလွန် ထိခိုက်ပျက်စီးသွားတဲ့၊ ကျိုးပဲ့ ပျက်စီးသွားတဲ့၊ ဖန်ခွက်ကို သမန်တလင်းပေါ် ပေါက်ခွဲလိုက်တဲ့ပုံနဲ့ တိုင်းရင်းသား ချစ်ကြည် စည်းလုံးရေး ပြိုကွဲသွားခဲ့တယ်။ အဲ့ဒီအချိန်ကစ ပြိုကွဲခဲ့တဲ့ စိတ်ဓာတ်တွေဟာ ကနေ့တိုင် တည်ဆောက် မရသေးပါ။ ကနေ့ တိုင်းရင်းသား ချစ်ကြည်စည်းလုံးရေး ကြိုးပမ်းနေကြပါတယ်။ တောတွင်းကကော နိုင်ငံတော်ကရော ကြိုးပမ်းတယ်။ ဒါပေမဲ့ အဓိကတချက် မေ့နေကြတယ်ဗျ။ ဒီတချီမရလို့ ပြိုကွဲသွားရင် နောက်တချီမှာ ဘယ်လိုမှရနိုင်စရာလမ်း မရှိတော့ ဘူး။ ဒီမိုကရေစီလိုချင်ရင် တိုင်းရင်းသားစည်းလုံးရေး နံပတ် ၁ ဂဏန်း ၁ မဖြစ်မနေ ကျားကုတ်ကျားခဲလုပ်ကြမှ ဖြစ်မယ်ဆိုတာကို တောတွင်း ပုဂ္ဂိုလ်တွေကိုရော နိုင်ငံတော်ဘက်က ပုဂ္ဂိုလ်တွေကိုရော ကျနော် မေတ္တာရပ်ခံ ပါရစေဗျာ။” နေလုံးကြီးဟာ ကွယ်သွားပါလည်း ရောင်ဝါရှိန်ဆင်း ထွန်းလင်းဆဲသာ . . . ။ ။ အသက် ၈၃ နှစ်ရှိ သက်တော်ရှည် စာရေးဆရာကြီး တက္ကသိုလ်စိန်တင်ဟာ ဇနီး ဒေါ်တင်စိန် (စိမ့်-ပညာရေး) နှင့် အတူ ဒဂုံမြို့သစ် မြောက်ပိုင်းမှာ နေထိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့က အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့ တယ်။ အဓိကအနေနဲ့ အထ္ထုပ္ပတ္ထိစာအုပ်တွေ အများကြီး ရေးခဲ့တဲ့ ဆရာကြီးတက္ကသိုလ်စိန်တင် ကွယ်လွန်သွားခဲ့ပေမဲ့ သူ့ရဲ့ စာပေအရှိန် ရောင်ဝါတွေကတော့ ထွန်းလင်းနေဆဲ။ သူ့ရဲ့ အမှာစကားတွေကိုလဲ ကြားယောင်နေကြဆဲပါခင်ဗျာ။ မောင်တူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024