Home
မြန်မာသတင်း
ဗုံးကွဲမှုဖြစ်ပေမယ့် ဦးဝီရသူ တရားပွဲများ ဆက်ဟောမည်
မျိုးဇော်လင်း
·
July 23, 2013
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက် မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက် တရားပွဲမှာ  ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ် ဆရာတော်ဦးဝီရသူကတော့ တရားပွဲတွေ ဆက်လက်ဟောသွားမယ်လို့  မိန့်ပါတယ်။ “ဘုရားပွဲတွေ ဆက်ပြီးဟောသွားဖို့ အစီအစဉ်တွေရှိတယ်နော်။ သို့သော်လည်းပဲ အစိုးရက လုံခြုံရေး အကြောင်းပြပြီး တရားပွဲတွေ နားမယ်၊ မနားဘူး၊ ရပ်မယ်၊ မရပ်ဘူးဆိုတာ မသိရဘူး။ ဦးဇင်နောက်ကျောမှာ ကား ၂ စင်းခံနေတာရယ်၊ ဦးဇင်းရဲ့ ပလ္လင်ရဲ့နောက်မှာ ဗီနိုင်းခံနေတာရယ် အဲဒီ ကား ၂စင်းက ဦးဇင်းကို ကယ်သွားတာ။” မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက်မှာ ဇူလိုင် ၂၁ ရက်ညက ကျင်းပတဲ့ မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော်ဦးဝီရသူရဲ့ တရားပွဲမှာ  အသေးစားပေါက်ကွဲမှုတခု ဖြစ်ပွားပြီး ကိုယ်ရင် ၁ ပါးနဲ့ လူ ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ မဟာအောင်မြေမြို့နယ် မဟာပုညသာရီဘုံ ဆွမ်းလောင်းအသင်းကြီး ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငါးညတိုင်တိုင်  တရားပွဲကျင်းပခဲ့ရာ  နောက်ဆုံးညဖြစ်တဲ့  ဇူလိုင် ၂၁ ရက်ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ဆရာတော်ဦးဝီရသူ တရားဟောနေစဉ်  ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ပေါက်ကွဲတဲ့ဗုံးဟာ လက်လုပ်ဗုံးအမျိုးအစားဖြစ်ပြီး ပေါက်ကွဲမှု မပြင်းထန်ခဲ့တဲ့အတွက် ကိုရင် ၁ ပါး အပါအ၀င် ဒေသခံပြည်သူ ၄ ဦး အနည်းငယ်ဒဏ်ရာရရှိသွားတယ်လို့ ဒီပေါက်ကွဲမှုကို  အရေးယူဆောင်ရွက်နေတဲ့  မန္တလေးတိုင်း  ရဲမှူး ဦးစိုးငြိမ်းက ပြောပါတယ်။ [caption id="attachment_41790" align="alignleft" width="300" caption="အရှင်ဝီရသူ"][/caption] “ရုတ်တရက်ပထမတော့ ကားဘီးပေါက်သလို ဖြစ်တာပေါ့။  နောက်တော့ ကျနော်တို့ နည်းနည်းလေးစင်သွားတော့  ခဲစင်တယ် အောက်မေ့တာ။ အဲဒါနဲ့ ကျနော်တို့ ချက်ချင်းစစ်လိုက်တော့ အဲဒီနားက ဗုံးပေါက်တဲ့ သဘောလား လက်လုပ်ဗုံးပါပဲ။ ကားဗုံးဆိုရင်တော့ အများကြီး ထိခိုက်နိုင်တာပေါ့။ လက်လုပ်ဗုံး တမျိုးပါပဲ။ ပေါက်ကွဲတဲ့နေရာရယ် ကားမှာ ထိထားတဲ့ ဟာလေးတွေရယ် အစအနလေးတွေ ကောက်လိုက်တော့ သံချွန် အစကလေးတွေရှိတယ်။ အဲဒါတွေ လေးငါး ဆယ်ခုလောက်တော့ ကျနော်တို့ တွေ့တာပေါ့။ အဲဒါကြောင့်မို့ လက်လုပ်ဗုံးလို့ အတည်ပြုနိုင်တာပေါ့။ ဒဏ်ရာရတာက ၅ ဦး၊ ဒါပေမယ့် အကြီးအကျယ် မထိပါဘူး၊ ညကတောင် ဆေးရုံ တယောက်ပဲ ရောက်တယ်။ အမျိုးသမီးတယောက်ပဲ ရောက်တယ် မဟာအောင်မြေ ရဲစခန်းက ပြစ်မှု ပုဒ်မ ၂၈၆ နဲ့ အမှုဖွင့်ထားပါတယ်၊ ပေါက်ကွဲစေတဲ့ ပစ္စည်းနဲ့ ပတ်သက်တဲ့ အရေးယူတဲ့ ပုဒ်မပါပဲ။” ဆရာတော်ဦးဝီရသူရဲ့ တရားပွဲမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အပေါ် ထင်ကြေးပေးပြောဆိုမှုတွေ အမျိုးမျိုးထွက်ပေါ်နေပေမယ့် တရားပွဲစီစဉ်ပေးသူ ဒေသခံတဦးကတော့  ဒါဟာ တရားပွဲကို အထိတ်တလန့် ဖြစ်အောင် နှောင့်ယှက်တဲ့ သဘောသာ ဖြစ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။ “တရားပွဲကို တထိတ်တလန့် ဖြစ်အောင် နှောက်ယှက်တဲ့ သဘောပါပဲ။ ကျနော်တို့ဟာ ငြိမ်းငြိမ်းချမ်းချမ်းပေါ့ဗျာ။ ဘုရားပွဲဆိုတာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဆိုတော့ ယဉ်ကျေးသိမ်မွေ့အောင် ကျနော်တို့ ဟောပြောတဲ့ ပွဲတွေဖြစ်ပါတယ်။ စည်းစည်းလုံးလုံးနဲ့ မဖြစ်သင့်ဘူးပေါ့ဗျာ။ တသက်နဲ့ တကိုယ် မကြားဖူးဘူး။” မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက် ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား လက်လုပ်ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး တရားခံကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့  ရဲမှူး ဦးစိုးငြိမ်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024