ကျောက်မဲမြို့နယ်တွင် တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့်နေအိမ်များကို ပြန်ပြင်ပေးမည်
DVB
·
October 19, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်မဟင်ရွာမှာ တိုက်ပွဲကာလအတွင်း ပျက်စီးခဲ့တဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်ပေးဖို့ ရှိနေတယ်လို့ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီက သိရပါတယ်။
အခု အောက်တိုဘာလအတွင်း ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေထဲမှာ တပ်မတော်နဲ့ RCSS-SSA ရှမ်းလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နမ့်မဟင်ရွာမှာတော့ အိမ်ခြေပေါင်း ၃၅ အိမ်ရှိတဲ့ နမ့်မဟင်ရွာမှာ အိမ်တိုင်းနီးပါး ပျက်စီးနေတဲ့အပြင် နေအိမ်တွင်း ပစ္စည်းတွေပါ ပျက်စီး ပျောက်ဆုံးတာတွေ ရှိခဲ့တာပါ။
ဒါ့အပြင် ကျွဲ၊ နွားတွေလည်း သေဆုံးခဲ့တာ ကြက်၊ ဝက် ပျောက်ဆုံးတာတွေအားလုံး စာရင်းပြုစုခိုင်းထားပြီး ဘေးစီမံကော်မတီက အလုံးစုံမဟုတ်တောင် အတတ်နိုင်ဆုံး ပြန်လည်ပြုပြင်ပေးကာ ဖြည့်ဆည်းပေးမှာဖြစ်တယ်လို့ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီဝင် ကိုသားဇော်က ပြောပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းဖို့သွားရင်း နမ့်မဟင်ရွာကို ဝင်ကြည့်တဲ့အခါ တပ်မတော်က ရှိနေတာကြောင့် ဝင်ခွင့်မသာခဲ့ပါဘူးလို့လည်း သူက ဆိုပါတယ်။
လက်ရှိ တာဝန်ကျလုံခြုံရေးတပ်ရင်းတပ်ဖွဲ့ဟာ အခုမှ ပြောင်းရွှေ့လာတဲ့သူတွေဖြစ်ပြီး ကျေးရွာနစ်နာမှုအတွက် သူတို့အနေနဲ့ ကျပ် ၃ သိန်း ထောက်ပံ့ခဲ့ပြီးပြီလို့ ကိုသားဇော်က ဆိုပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ကာ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုလည်း ကြည့်ရှု စောင့်ရှောက်ပေးစေချင်တယ်လို့ ကျောက်မဲဒေသခံတဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်က ဘုန်းကြီးကျောင်းတွေမှာ လက်ကျန်စစ်ဘေးရှောင် ၁,၀၀၀ လောက်ခိုလှုံနေကြပါတယ်။