ပုသိမ်မြို့၌ လူစုလူဝေးဖြင့် လှည့်လည်အင်အားပြသည့် ခေါင်းဆောင် ၁၀ ဦးကို အရေးယူမည်
DVB
·
October 19, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၁၇ ရက်က အင်အားကြီး ပါတီ ၂ ခုကို ထောက်ခံဝန်းရံသူတွေက မြို့တွင်း လူစုလူဝေးနဲ့ အင်အားပြ လှည့်လည်ခဲ့တာနဲ့ပတ်သက်ပြီး အဖွဲ့ခေါင်းဆောင် ၁၀ ဦးကို အရေးယူသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပုသိမ်မြို့မှာ အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီထောက်ခံ သူတွေက ထောင်နဲ့ချီကာ မြို့အတွင်းလှည့်လည် အင်အားပြတာတွေကို တာဝန်ရှိသူတွေက လိုက်လံစုံစမ်းခဲ့ပြီး တရားဥပဒေအတိုင်းအရေးယူသွားဖို့ တင်ပြထားတယ်လို့ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောပါတယ်။
"ဦးဆောင်လုပ်တဲ့ ခေါင်းဆောင်တွေကို ဥပဒေအရအရေးယူဖို့ အစိုးရအဖွဲ့ကို တင်ပြထား ပါတယ်။ ပါတီ ၂ ခုက ခေါင်းဆောင်တဲ့သူတွေပါ အားလုံး ၁၀ ဦးရှိပါတယ်၊ ဘယ်ပါတီ ဘယ်သူရယ်မဟုတ်ပါဘူး။ စည်းကမ်းမလိုက်နာတဲ့သူတွေကို ဥပဒေအတိုင်းအရေးယူသွားမှာပါ"လို့ ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်က ပုသိမ်မြို့မှာ အန်အယ်လ်ဒီပါတီထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေး ပါတီ ထောက်ခံသူတွေက မြို့အတွင် အင်အား ထောင်နဲ့ ချီကာ ဆိုင်ကယ်တွေ ကားတွေနဲ့ လှည့်လည်ခဲ့တဲ့အပေါ် တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုအရေးယူမလဲဆိုပြီး ဒေသခံတွေက ဝေဖန်မှုတွေလည်း ရှိလာခဲ့ပါတယ်။
လူစုလူဝေးနဲ့ အင်အားပြလှည့်လည်တဲ့ ပါတီတွေကို အဖွဲ့တွေခွဲကာ လိုက်လံကြည့်ရှုခဲ့ပြီး ခေါင်းဆောင်တွေကို ခေါ်ပြီး စကားပြောချိန်မှာ အဆင်ပြေပြေ ရုံးလိုက်တဲ့သူရှိသလို ရုံးကိုမလိုက်တဲ့ သူတွေလည်းရှိပြီး မလိုက်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်တွေကို မိမိတို့ဘာသာစုံစမ်းထားပြီး တရားဥပဒေအတိုင်းအရေးယူသွားမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများတဲ့ ပုသိမ်မြို့နယ်အပါအဝင် မအူပင်မြို့နယ်နဲ့ ဖျာပုံမြို့နယ်တွေကို စက်တင်ဘာ ၁၆ ရက်က စတင်ကာ Stay at Home မြို့နယ်တွေအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့် ထုတ်ခဲ့တာပါ။
အမိန့်ထုတ်ပြီးနောက်ပိုင်း ပုသိမ်မြို့မှာ နေအိမ် ပြင်ပသွားလာခွင့်ကတ်တွေ ထုတ်ပေးခဲ့သလို ဈေးဝယ်ရင် ၁ ဦးသားထွက်ဖို့ မလိုအပ်ရင် အပြင်မထွက်ဖို့စတဲ့အချက်တွေကို တာဝန်ရှိသူတွေက မြို့အတွင်း လိုက်လံအသိပေးခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေချိန် ရွေးကောက်ပွဲမဲဆွဲကာလဖြစ်တဲ့ အောက်တိုဘာ ပထမပတ်မှာ နိုင်ငံရေးပါတီ ထောက်ခံသူတွေက တိုင်းနဲ့ပြည်နယ် တော်တော် များများမှာ လူစုလူဝေးနဲ့ လှည့်လည် အင်အား ပြတာတွေပြုလုပ်နေပြီး အရေးယူဖို့ပြုလုပ်တာ ဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)