A d v e r t i s e m e n t With Us

၃ ဂိုးသွင်းပြီး ၃ ဂိုးပြန်ပေးခဲ့ရသဖြင့် စပါးကစားသမားများ စိတ်ပျက်နေဟု ဆွန်ဟောင်မင်ဝန်ခံ (ရုပ်သံဟိုက်လိုက်)

ဝက်စ်ဟမ်းအသင်းကို ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်တာကနေ ချေပဂိုး ၃ ဂိုးပြန်ပေးခဲ့ရတဲ့အပေါ် စပါးကစားသမားတွေ အကြီးအကျယ်စိတ်ပျက်နေကြတယ်လို့ တိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောပါတယ်။  ဆွန်ဟာ စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစမှာကတည်းက သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။  အဲ့ဒီနောက်မှာတော့ အသင်းခေါင်းဆောင်ဟယ်ရီကိန်းက စပါးအသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို ဆက်လက်သွင်းယူခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာကတည်းက ဝက်စ်ဟမ်းအသင်းကို ၃ ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။  ဒါပေမယ့် ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းအသင်းက ချေပဂိုးရရှိဖို့ အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ ဖေဘီယန် ဘယ်လ်ဘူနာက ဧည့်သည်အသင်းအတွက် ပထမချေပဂိုးကို ခေါင်းတိုင်သွင်းယူပေးခဲ့ပြီး စပါး နောက်ခံလူ ဒေဗီဆင်ဆန်းချက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိမှုကလည်း ဝက်စ်ဟမ်းအသင်းအတွက် ဒုတိယဂိုး ဖြစ်စေခဲ့ပါတယ်။  အဲ့ဒီနောက် ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ ပြစ်ဒဏ်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဝက်စ်ဟမ်းကွင်းလယ်လူ လန်ဇီနီက အဝေးကနေ လှလှပပကန်သွင်းအဆုံးသတ်ခဲ့ပြီး ဝက်စ်ဟမ်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကိုရယူကာ စပါးအသင်းထံကနေ ၁ ရရှိခဲ့ပါတယ်။  ဆွန်ကတော့ စပါးအသင်းသားတွေဟာ ဒီပွဲကိုအနိုင်ရရှိပြီလို့ တွေးထားတာကြောင့် ပွဲအပြီး ခရာမှုတ်ချိန်မှာ အကြီးအကျယ်စိတ်ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။ “ဒီရလဒ်ကြောင့် ကျန်နော်တို့တွေ စိတ်ပျက်ခဲ့ရပါတယ်။ ကျနော်တို့ဟာ အနိုင် ၃ မှတ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ပွဲပြီးခါနီး ၁၀ မိနစ်မတိုင်ခင်အထိ ကျနော်တို့ အရမ်းကောင်းအောင်ကစားနိုင်ခဲ့တာပါ။ ဒီရလဒ်ဟာ တကယ့်ကိုအံ့သြစရာပါပဲ။ ဒီလိုမျိုးဆိုတာ လုံးဝမဖြစ်သင့်ပေမယ့် ဒါဟာ ဘောလုံးပွဲတွေရဲ့အစိတ်အပိုင်းတစ်ခုပါ။ ကျနော်တို့အနေနဲ့ နောက်ဆုံးပွဲသိမ်းခရာအထိ အာရုံစိုက်ဖို့လိုအပ်ပါတယ်။ ကျနော်ဒါမျိုးထပ်မကြုံချင်တော့ပါဘူး။ ဒါဟာ ကျနော်တို့အတွက် နောက်ဘယ်တော့မှ ထပ်ဖြစ်လို့မရတဲ့ အကောင်းဆုံး သင်ခန်းစာပါပဲ” လို့ ဆွန်က Sky Sports သတင်းကိုပြောပါတယ်။  ဒီရလဒ်ဟာ သရေ ၁ မှတ်ရတာထက်ပိုပြီး ဆိုးရွားခဲ့တယ်လို့ တောင်ကိုရီးယားတိုက်စစ်မှူးက ဝန်ခံခဲ့ကာ အသင်းဖော်တွေအနေနဲ့ ဒါကိုသင်ခန်းစာယူနိုင်လိမ့်မယ် မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up