ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၄၀ ကျော်ရှိလာ
DVB
·
October 18, 2020
တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ဒီနေ့ညနေအထိ သန်း ၄၀ ကျော်နဲ့ သေဆုံးသူက ၁ ဒသမ ၁ သန်း ကျော်ရှိပြီလို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၂၂၄,၂၈၃ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၁၁၄,၀၆၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၁၅၃,၆၉၀ ယောက်နဲ့ ထိပ်ဆုံးမှ အသီးသီးရပ်တည်နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၂၄,၁၈၇ ယောက်နဲ့ ရပ်တည်နေပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၆၇၂ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၅၃ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၅၂၆,၄၉၀ ယောက်၊ ၄၂၃,၅၂၄ ယောက်၊ ၃၈၈,၅၆၉ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူဦးရေ ၃၆၁,၈၆၇ ယောက်၊ သေဆုံးသူ ၁၂,၅၁၁ ယောက်၊ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၃၅၆,၆၁၈ ယောက်နဲ့ သေဆုံးသူ ၆,၆၅၂ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၉၁၁ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။
လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၄,၈၇၅ ယောက်၊ သေဆုံးသူ ၈၃၈ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂၀,၄၉၈ ယောက်နဲ့ သေဆုံးသူ ၁၈၇ ယောက်ရှိပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃,၆၈၆ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူ ထပ်တိုး မလာဘဲ ၅၉ ယောက်ရှိပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၁၂၆ ယောက်နဲ့ သေဆုံးသူ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၄၇ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၈၃ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။