Home
ဆောင်းပါး
ရွေးကောက်ပွဲကနေ LGBT အရေး ဘယ်လိုရွေ့မလဲ (ဆောင်းပါး)
ပြည့်ဘုန်းအောင်
·
October 18, 2020
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ ထူးခြားချက်​တွေထဲမှာ လိင်စိတ်ခံယူမှု ကွဲပြားသူ (LGBT) တွေနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုလည်း ပါဝင်ပါတယ်။  စစ်အုပ်ချုပ်ရေးကာလက​နေ ရွေးကောက်ခံအစိုးရ စတင်ပြောင်းလဲခဲ့တဲ့ ၂၀၁၀ လွှတ်တော်သက်တမ်းက စပြီး လက်ရှိ NLD အစိုးရ လွှတ်​တော်အချိန်ထိ ဥပဒေပြုရေးမဏ္ဍိုင်မှာ တရားဝင် LGBT ကိုယ်စားလှယ် တစ်ဦးမှ မပေါက်ခဲ့ပါဘူး။ အခု ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ၊ မဲဆန္ဒနယ် အမှတ်(၁)​နေရာကနေ LGBT တစ်ယောက်ဖြစ်တဲ့ ဦးမျိုးမင်းထွန်းဟာ   ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကနေ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒါ့ကြောင့်လည်း သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ ပထမဦးဆုံးလိင်တူ ချစ်ခင်စုံမက်သူအဖြစ် ကြေညာပြီး ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမယ့်သူ ဖြစ်လာပါတယ်။  အစိုးရရဲ့ AIDS တိုက်ဖျက်​ရေး အမျိုးသားမဟာဗျူဟာ ၄ နှစ်တာ စီမံကိန်းစာတမ်းအရ မြန်မာနိုင်ငံမှာ အမျိုးသားချင်း လိင်တူစုံမက်သူ ခန့်မှန်းခြေ ၂ သိန်းခွဲကျော်ရှိ​ကြောင်ေ ဖော်ပြထား​ပေမဲ့ ဒီဘက်​ခေတ်​နောက်ပိုင်း  ပွင့်လင်းလာတဲ့ခေတ်နဲ့အညီ  LGBT လူဦးရေ  ပိုတိုးလာတယ်လို့ LGBT အရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ဘာသာရေးနဲ့ယဉ်ကျေးမှု ဓလေ့တွေအရ LGBT အသိုင်းအဝိုင်းကို  တော်တော်များများ ကလက်မခံသလို ဖိနှိပ်ဆက်ဆံမှုတွေရှိနေတာကြောင့် မြန်မာလူ့ဘောင်အဖွဲ့အစည်းမှာ LGBT ဆိုပြီး ပွင့်ပွင့်လင်းလင်း နေထိုင်သူကနည်း​နေ​သေးတယ်လို့ LGBT အရေး ဆောင်ရွက်သူ​တွေက ဆိုပါတယ်။   “ပထမဦးဆုံးအနေနဲ့ ခြေလှမ်းတိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ကွင်းထဲကို ဝင်ဖို့ လှေကားတိုးလာတဲ့သဘောပေါ့။ အရင်တုန်းက ဒီလိုကိစ္စတွေဆိုရင် ရွေးကောက်ပွဲဝင်ဖို့ကို ဘယ်သူမှလည်း မပြောကြဘူး၊ ကိုယ်စားလှယ်လောင်း​တွေနဲ့ ပက်သက်ရင်လည်း ပါတီတွေကလည်း ဂရုမစိုက်ဘူး။ ခုက ပါတီတချို့ရဲ့ ကြေညာစာတမ်းထဲမှာ LGBT အရေးကို ထည့်သွင်း​ဖော်ပြလာတာ ကြိုဆိုရမယ်” လို့ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။  နောက်ထပ်ထူးခြားမှုတစ်ခုအနေနဲ့ကတော့ လက်ရှိအာဏာရပါတီ NLD နဲ့ အခြားပါတီ တချို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ LGBT အရေးနဲ့ပတ်သက်ပြီး သီးခြားဖော်ပြမှုတွေ ရှိလာတာပါ။  LGBT အရေးနဲ့ ပတ်သက်ပြီး NLD ပါတီကတော့ လက်ရှိ​ရေးဆွဲထားတဲ့ လူငယ့်​ရေးရာ မူဝါဒ​ပေါ်လစီ​အောက်က​နေ​ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပြီး တိုင်းရင်းသားပါတီတွေထဲက အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသား ဒီမိုက​ရေစီ (SNLD) က လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေရဲ့  အသံတွေကို နားထောင်ဖို့၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ မလုပ်ဖို့ဆိုပြီး ပါတီ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ လူငယ်မူဝါဒပိုင်းမှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။ ဒါ့အပြင် ပါတီငယ်တစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားကွန်ဂရက်ပါတီကလည်း LGBT အသိုင်းအဝိုင်းဘက်က ရပ်တည်ကြောင်းနဲ့ “လိင်တူတိမ်းညွှတ်မှုဟာ  စာရိတ္တပိုင်းဆိုင်ရာ ချို့တဲ့မှုမဟုတ်ဘဲ လူ့အဖွဲ့အစည်းတရပ်မှာ လိင်တူတိမ်းညွှတ်သူတွေရဲ့ ဂုဏ်သိက္ခာ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် တန်ဖိုးထားလေးစားဖို့လိုတယ်” လို့ အစိုးရရုပ်သံက ထုတ်လွှင့်တဲ့  ရွေးကောက်ပွဲဆိုင်ရာ ဟောပြော စည်းရုံးချက်မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။ ဒီလိုမျိုးဖော်ပြချက်မျိုးတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မတွေ့ရဘဲ အခုတကြိမ် ရွေးကောက်ပွဲမှာမှ နိုင်ငံရေးပါတီတွေအနေနဲ့ လူနည်းစုတွေအရေးကို ထည့်သွင်းဖော်ပြလာတဲ့ ကိစ္စအပေါ်  LGBT အရေး  ဆောင်ရွက်သူတွေကြားမှာ ထောက်ခံမှုတွေလည်း ရှိခဲ့ပါတယ်။  “အခြားပါတီတွေအနေနဲ့လည်း ဒါကိုနမူနာယူသင့်တယ်။ ပါတီတွေ ပြောပြောနေတဲ့  ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ individual Freedoom တို့ကိုပြောမယ်ဆိုရင်  ဒီအကြောင်းအရာကလည်း တစိတ်တဒေသ ပါဝင်တာပဲ” လို့‌ LGBT အရေးတက်ကြွလှုပ်ရှားသူ  မစူးရှရှင်းသန့်က ပြောပါတယ်။  မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းမှတ်တမ်းမှာ ပထမဦး လိင်စိတ်ကွဲပြားမှု ခံယူသူ အဖြစ် ဝန်ခံပြီး ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံမယ့် ကိုမျိုးမင်းထွန်းကတော့ LGBT အရေးနဲ့ ပတ်သက်ပြီး သူ့မှာ မခံရပ်စရာ ကိစ္စတွေရှိခဲ့ဖူးပါတယ်။  သူ နေထိုင်ရာ မန္တ​လေးမြို့က တာဝန်ရှိ အုပ်ချုပ်သူတစ်ချို့ဟာ LGBT တွေအပေါ်  လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဥပဒေပြင်ပ ဖိနှိပ်ခွဲခြားဆက်ဆံတာတွေကို ကိုယ်တိုင် မြင်တွေ့ နေရတယ်လို့ ဆိုပါတယ်။  “မန္တ​လေးမှာ LGBT တွေကို ရဲတွေက မှောင်ရိပ်ခိုမှုဆိုပြီး ဖမ်းတာတွေရှိတယ်။ ဘာပုဒ်မနဲ့ ဖမ်းဖမ်း ဥပဒေအရ အပြစ်ရှိလို့ အရေးယူရင် လက်ခံတယ်။ အင်္ကျီတွေ ချွတ်ခိုင်းတယ်၊ ရင်သားတွေ ကိုင်တယ် ထိုင်ထတွေ လုပ်ခိုင်းတယ်၊ ဘာလို့ မင်းတို့က အ​ခြောက်စိတ်​ပေါက်ပြီး ဒီလို နေထိုင်ရတာလဲ ဆိုပြီး ပြောဆိုတာတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလေ၊ လူတိုင်းမှာ မွေးရာပါ အခွင့်အရေးရှိပြီးသားလို့” သူ မြင်တွေ့နေရတာနဲ့ ပက်သက်ပြီး ကိုမျိုးမင်းထွန်းက ပြောပါတယ်။  မြန်မာ့လူ့အဖွဲ့အစည်းမှာ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံတာဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေဆဲဖြစ်ပြီး ဒီနေ့ အချိန်အထိလည်း LGBT အသိုင်းအဝိုင်းဟာ လူမှုရေးအရ ခွဲခြားဆက်ဆံခံရ၊ အလုပ်အကိုင်ပိုင်းမှာ ခွဲခြား ဆက်ဆံခံရနေရဆဲဖြစ်တယ်လို့ သုတေသန အစီရင်ခံစာတွေမှာ ဖော်ပြနေပါတယ်။ “ရွေးကောက်ပွဲမှာဆိုရင်လည်း လူတွေက LGBT လို့ ပြောလိုက်ရင် ပြိုင်မယ့်မြို့မှာ မဲတွေမရတော့မှာ စိုးလို့လားပေါ့။ ဘယ်သူမဆို ရွေးကောက်ပွဲမှာတော့ နိုင်ချင်ကြတာချည်းပဲလေ၊ အရှုံး အနိုင် ဆိုတာလည်း ရှိတာပဲ။ ရှုံးခြင်း နိုင်ခြင်းတွေထက် LGBT တွေအနေနဲ့လည်း နိုင်ငံရေးမှာ ပါဝင်ပြီး ဆောင်ရွက်ချက်တွေ မှန်ကန်ခဲ့ရင် နိုင်ငံရဲ့ခေါင်းဆောင်တစ်နေရာအတွက် လမ်းတထောက်ပဲလို့ LGBT ကိုယ်စားလှယ်လောင်း ကိုမျိုးမင်းထွန်းက ပြောပါတယ်။ လိင်စိတ်ခံယူမှု ကွဲပြားသူ (LGBT) တွေမှာ မတူညီတဲ့ နေရာပေါင်းစုံကနေ ခွဲခြားဆက်ဆံမှုတွေ ကြုံ​နေရသလို လက်ရှိ ဥပဒေတချို့လည်း သူတို့အပေါ် ဖိနိပ်မှုတွေ ရှိနေတယ်လို့ LGBT အသိုင်းအဝိုင်းက ပြောပါတယ်။  မြန်မာပြည်က LGBT အသိုင်းအဝိုင်းတွေအကြား ပြင်ဆင်ပေးဖို့ အဓိကတောင်းဆိုနေတဲ့ ဥပ​ဒေ​တွေက​တော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇၊ ရဲအက်ဥပဒေ၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၅ စတဲ့ ပုဒ်မတွေပါ။  Transgenders လို့ခေါ်တဲ့ အမျိုးသမီးလို ဝတ်စားတဲ့ အမျိုးသားတွေဟာ ညဘက်အချိန် လမ်းမတွေပေါ်မှာတွေ့ရင် မှောင်ရိပ်ခိုမှုဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရပြီး အဲဒီလို ဖမ်းဆီးခံရရင်တော့  ရဲအက်ဥပဒေ၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၅ နဲ့ အများဆုံး အရေးယူခံရလေ့ရှိပြီး ထောင်ဒဏ် ၃ လ ချမှတ်နိုင်ပါတယ်။  “မြန်မာနိုင်ငံမှာ အကြီးမားဆုံး အခက်ခဲ စိန်ခေါ်မှုက ပုဒ်မ ၃၇၇ ပဲ ၊ ၂၀၁၂ ထဲကနေ ဒီနေ့ အချိန်ထိ LGBT အရေးတက်ကြွလှုပ်ရှားသူတွေက ဖျက်သိမ်းပေးဖို့ ပြောင်းပေးဖို့ တောင်းဆိုလာတာ ၈ နှစ်ရှိပြီ။ အောင်မြင်တယ်လို့ မဆိုနိုင်ဘူး။ LGBT အများစုဟာ ရဲအာဏာပိုင်တွေရဲ့  ငွေထုတ်စက်လိုပဲ” လို့ မစူးရှရှင်းသန့် က ဆိုပါတယ်။  LGBT တွေပြင်ပေးဖို့ တောင်းဆိုနေတဲ့ ပုဒ်မ ၃၇၇ မှာကတော့ ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရိစ္ဆာန်နှင့်ဖြစ်စေ ဓမ္မတာနှင့်ဆန့်ကျင်တဲ့ ကာမစပ်ယှက်ရင် အဲ့ဒီသူကို ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။ လက်ရှိအစိုးရလက်ထက် ၂၀၁၅ - ၂၀၂၀ အစိုးရ မူဝါဒ လုပ်ငန်းစဉ်​တွေမှာ​တော့ LGBT​တွေအတွက် ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံ လူငယ်ရေးရာ ပေါ်လစီမူဝါဒမှာ LGBT ဆိုတဲ့ အသုံးအနှုန်းကို တရားဝင်ခေါ်ထွင်သုံးစွဲလာသလို LGBT လူငယ်​တွေကို အလေးပေးပြီး လုပ်ဆောင် အကာအကွယ်​ပေးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်လာပါတယ်။  ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာမှာ ပြဋ္ဌာန်းခဲ့တဲ့ ကလေးသူငယ်အခွင့်အရေး ဥပဒေ (Child Right Law)အရ ခွဲခြားဆက်ဆံမှုတွေ မလုပ်ရဘူးလို့ ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။  “ဥပဒေတွေ ပေါ်လစီတွေမှာ ပါပြီးသား၊ အဲဒါတွေကို တကယ် အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို မေးခွန်းတွေမေးရမယ်၊ ပိုပြီးကာကွယ်မှုဖြစ်အောင် တိုက်တွန်းတဲ့ အဆို​တွေ တင်ရမယ်။ အစိုးရက အသိအမှတ်ပြုထားတဲ့ ပေါ်လစီဥပဒေတွေကို အားကောင်းအောင် လုပ်ရမယ်။ LGBT ဆိုတာ လူသားတွေပဲ။ လူထုလို့ ပြောလိုက်ရင် လူထုထဲမှာ သူတို့လည်း ပါနေတာ ငြင်းလို့မရဘူး။ အခု ပြောပြောနေတဲ့ All inclusive လုပ်ငန်းစဉ်မှာ LGBT အရေးလည်း ပါဝင်တယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။  LGBT တွေအနေနဲ့ကလည်း LGBT ဖြစ်ခြင်းဟာ အမှားတရပ်လို့ မယူဆ​စေချင်ဘဲ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ပြီး အခြားလူတွေ အန္တာရာယ်မဖြစ်အောင် အကျင့်စာရိတ္တပိုင်း၊ အပြုအမူတွေ မဖြစ်အောင် ထိန်းသိမ်းဖို့ လိုတယ်လို့ ဦးအောင်မျိုးမင်းက LGBT တွေကို တိုက်တွန်းပါတယ်။  ပြည်သူတွေအနေနဲ့ကလည်း LGBT တွေဆိုတာ လှောင်ပြောင်စရာကိစ္စတစ်ခု မဟုတ်သလို  ဆံပင်မိတ်ကပ်ပဲ လုပ်တတ်ကြတယ်ဆိုတာမျိုး မဟုတ်ဘဲ နေရာတိုင်း နယ်ပယ်တိုင်းမှာ  သူတို့တွေ ရှိတယ်ဆိုတာ အသိအမှတ် ပြုပေးဖို့လိုတယ်လို့ ဆိုကြပါတယ်။ LGBT တွေအပေါ် လူထုအမြင်တွေကို ပြောင်းလဲဖို့ဆိုရင် မြန်မာ ရုပ်ရှင်ဗွီဒီယိုတွေမှာ LGBT တွေကို  ပုံသဏ္ဌာန်အမှားတွေနဲ့ ပုံသွင်းနေတာတွေကို တားဆီးပေးရမှာ ဖြစ်ပြီး ချိုးဖောက်မှုတွေကိ အရေးယူဖို့ လိုတယ်လို့ LGBT အသိုင်းအဝိုင်းက ပြောကြပါတယ်။  ဒါ့အပြင် ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ဆိုရင် လူ့အခွင့်အရေးကော်မရှင် အပါအဝင်အ​နေနဲ့ တရားသူကြီးတွေ ရဲတွေကို LGBT တွေနဲ့ ပတ်သက်ပြီး ပညာပေးမှုတွေ ပိုမိုလုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းပြောဆိုကြပါတယ်။  LGBT တွေအနေနဲ့ ခွဲခြားဆက်ဆံခံနေရမှုတွေများထဲက လူအများစုကို သိသွားစေတဲ့ ဖြစ်ရပ်တစ်ခုကတော့ ပြီးခဲ့နှစ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။  LGBT တစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုကျော်ဇင်ဝင်းဟာ သူ့လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံတာတွေ၊ ဖိနှိပ်ပြောဆိုခံရမှုတွေကို ကြုံနေရတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပြီးနောက် သူ့ကိုယ်သူအဆုံးစီရင် သတ်သေခဲ့ပါတယ်။ အခုလို ဖြစ်ရပ်နဲ့ပတ်သက်ပြီး LGBT အသိုင်းအဝိုင်းမှာတော့ ဒါဟာ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်တစ်ခုလို့ သုံးသပ်ပြောဆိုကြပါတယ်။  “ကိုယ်တိုင်က LGBT တစ်ယောက်ဖြစ်တဲ့အတွက် LGBT တွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို နားလည်ပေးနိုင်တယ်။ အခွင့်အ​ရေးသာ ရခဲ့ရင် ဒီအရေးတွေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးမယ်၊ တင်ပြမယ်။ LGBT တွေက နတ်ကတော်မှ မဟုတ်ဘူး။ မိတ်ကပ်လိမ်းတယ်၊ ဒီဇိုင်နာတင်ပဲ မဟုတ်ဘူး။ နိုင်ငံရေးထဲမှာ ပါဝင်လာပြီဆိုတာ ပြသလိုက်တဲ့ သဘောပါပဲလို့” ကိုယ်စားလှယ်​လောင်း ကိုမျိုးမင်းထွန်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024