ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲတွင် အဆိုတော် အောင်နိုင် သီဆိုသည့် “အဆောင်သူအလွမ်းပြေ” (ရုပ်သံ)
DVB
·
October 17, 2020
“မာလာနဲ့ အင်းလျားဘက်မှာ… တေးကလေး ကြွေးကြော်သူတွေရယ်… နှုတ်ဆက်မျက်ရည် အလွမ်းသီချင်းလေးတွေ သီဆိုခဲ့… ဘဝသောင်ယံ တေးသမားလေးတွေ သီကျူးရင့်သံ… တခါတလေလည်း အိပ်လို့ မရတဲ့… ညဉ့်နက်သန်းခေါင် အချိန်အခါဝယ် … လမ်းသလားလို့နေ ပျံ့လွင့်တေးတွေသီဆိုခဲ့… ဘဝသောင်ယံ ကမ်းစပ်လှိုင်းတွေ… လွင့်မျောရှိုက်သံ… အဆောင်သူ အဆောင်သူ အဆောင်သူ… အလွမ်းပြေ… အဆောင်သူ အလွမ်းပြေ… အဆောင်သူ အဆောင်သူ အဆောင်သူ… အလွမ်းပြေ… အဆောင်သူ အလွမ်းပြေ ရောက်လာတယ်”
ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “အဆောင်သူအလွမ်းပြေ” သီချင်းမှန်း သိကြပြီး ဖြစ်မှာပါ။
ဒီသီချင်းကိုတော့ တေးရေး ညီညီဇံက ရေးစပ်ပေးထားခဲ့ပြီး အဆိုတော် အောင်နိုင်က သီဆိုထားခဲ့ကာ ခုတခါမှာတော့ ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲမှာ တကျော့ပြန် ရှုစားနားဆင်ခဲ့ကြရတာ ဖြစ်ပါတယ်။
တေးသံရှင် အောင်နိုင်ကိုတော့ ယု၊ ပုဂံလမ်း၊ မောင့်သီရိမေ၊ အလွမ်းညဟေမာန်၊ နွဲ့ ဆိုး၊ အင်းလျားသက်သေစတဲ့ တက္ကသိုလ်ဖွဲ့ သီချင်းတွေအများစုနဲ့ သိကြမှာဖြစ်ပြီး သူသီ ဆိုအောင်မြင်ခဲ့တဲ့ ယုအမှတ်တရ အကောင်းဆုံးတေးများ၊ နွဲ့ဆိုးရယ်ကျေနပ်တယ်၊ ပိုင်စိုးစေ၊ မင်းမေ့မှာစိုး၊ ချစ်သူအတွက် စောင်းညှို့သံ၊ တစ်ခုတည်းပါ၊ ခရမ်းပြာအိပ်မက်၊ စိမ်း ကားသွားမှာကိုစိုး၊ ရိုးရိုးလေးပဲကောင်းတယ်၊ ကျေနပ်စွာလွမ်းနေမယ် စတဲ့ တေးအယ်လ်ဘမ်တွေ အပါအဝင် တခြားတေးအယ်လ်ဘမ်ပေါင်းများစွာနဲ့လည်း လူသိများပါတယ်။
“အဆောင်သူရယ်… ကျောင်းကြီးပိတ်လို့ ခွဲရတော့မယ့် အချိန်အခါဝယ်… နောက်ဆုံးအဖြစ်ကွယ်… ကံ့ကော်ပွင့်တို့ကို နှုတ်ဆက်ပါ… ဂျပ်ဆင်အိုကို လက်ပြပါ… ခုံတန်းလျားလေးတွေ လှည့်ကြည့်ပါ… ဘွဲ့နှင်းသဘင်ကို ကျောခိုင်းကာ… နှင်လည်းခွာ မနှင် လည်းခွာ… နှင်လည်း ခွာရအောင်… ကိုယ့်အား ထားရစ်ခဲ့ကြပါ… သံယောဇဉ်ကြိုးဖြတ်ခဲ့ပါ”
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ဂုဏ်ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲတွေကို အောက်တိုဘာ ၁၆ ရက်ညပိုင်းက စတင်ကာ မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။
ဒီဂီတဖျော်ဖြေပွဲမှာတော့ တေးသီချင်းအပုဒ် ၁၀၀ ကို အပတ်စဉ်သောကြာနေ့ည သတင်းအပြီး ည ၉ နာရီအချိန်မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ကာ မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပထမသီတင်းပတ်အနေနဲ့ ဖျော်ဖြေပွဲမှာတော့ ဝါရင့်တေးသံရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊အောင်နိုင်၊ ဟေမာနေဝင်းတို့နဲ့အတူ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့်၊ နန်းဆုဦး စတဲ့ တေးသံရှင်တွေက တက္ကသိုလ်ဖွဲ့ အမှတ်တရ သီချင်းတွေနဲ့ ပါဝင်ဖျော်ဖြေသွားခဲ့ကြပါတယ်။