ဖားကန့်တွင် ပိဿာချိန် ၈၀၀ ခန့်ရှိ ကျောက်စိမ်းတုံးကြီး တွေ့ရှိ
DVB
·
October 17, 2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာအနီး မက်လက်ချောင်မှော်က ဒေသအခေါ် YTT တောင်ကုန်းမှာ အောက်တိုဘာ ၁၆ ရက်နေ့ နေလယ်က ပိဿာချိန် ၈၀၀ လောက်ရှိတဲ့ ကျောက်စိမ်းတုံးကြီးတတုံး တွေ့ရှိတယ်လို့ မက်လင်ချောင်ရွာသားတွေဆီက သိရပါတယ်။
ဒီကျောက်စိမ်းတုံးကြီးဟာ မမုံကျေးရွာက တပိုင်တနိုင်ကျောက်စိမ်းတူးသူ ရေမဆေးသမားတွေ တူးဖော်တွေ့ရှိတာဖြစ်ပြီး အထူးတိုက်ခိုက်ရေး ရဲတပ်ရင်းနဲ့ စစ်သားတွေက သယ်ဆောင်ခွင့်မပေးဘူးလို့ ဆိုပါတယ်။
ကျောက်စိမ်းတုံးကြီးနားကို ဘယ်သူမှ ကပ်လို့မရအောင် တပ်တွေ၊ ရဲတွေနဲ့ လုံခြုံရေး တခါတည်း ချထားလိုက်တယ်လို့ ရွာသားတွေက ပြောပါတယ်။
အဆိုပါကျောက်စိမ်းတုံးကြီး တူးဖော်ရာမှာ ကူညီလုပ်ပေးသူ ကိုမင်းထက်က “တွေ့တာက မမုံက လူတွေတွေ့တာဗျ။ တူးနေတုန်းက ဘယ်သူမှ ဘာမှလာမပြောဘူး။ ကျောက်ကြီးတွေ့လို့ ဖော်မယ်၊ သယ်တော့မယ်လုပ်မှ ရဲတွေ ရောက်လာတာဗျ။ မင်းတို့တူးတာ တရားမဝင်ဘူး၊ ဒီကျောက်က နိုင်ငံတော်ပိုင်တာ၊ နိုင်ငံတော်အပ်ရမယ်လို့ ပြောပြီး အကုန်လုံးကို မောင်းထုတ်တော့တာပဲ” လို့ ပြောပါတယ်။
အခုလို ကျောက်စိမ်းတုံး တွေ့ရှိမှုနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) တာဝန်ရှိသူတဦးကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ညနေကလည်း ပိဿာချိန် ၈၀၀ လောက်ရှိတဲ့ ကျောက်စိမ်းတုံးတတုံး တပိုင်တနိုင် ကျောက်တူးသမားတွေက တွေ့ရှိခဲ့ပြီး နိုင်ငံတော်က သိမ်းဆည်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလဆန်းပိုင်းတုန်းကလည်း အခု ကျောက်စိမ်းတုံး တွေ့ရှိတဲ့နေရာနဲ့ ကိုက် လေး ငါးရာအကွာမှာ တန် ၂၀၀ ကျော် အလေးချိန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ရတနာရောင်ခြည်ကုမ္ပဏီက တူးဖော်တွေ့ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
သတင်း - ဇော်မိုးထက်(ဖားကန့်)