အဆိုတော် မီးမီးခဲ ကင်ဆာရောဂါဖြင့် ကွယ်လွန်
မြတ်နိုးအောင်
·
October 16, 2020

ကင်ဆာရောဂါ ခံစားနေရတဲ့ အဆိုတော် မီးမီးခဲဟာ ဩစတြေးလျနိုင်ငံမှာ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီခွဲလောက်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
မီးမီးခဲဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၃၇ နှစ်အရွယ်ရှိ နေပြီဖြစ်ပြီး သူကွယ်လွန်သွားတဲ့အကြောင်းနဲ့ ပတ်သက်လို့အဆိုတော် စံပီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပေါ်ကတဆင့် ခုလိုရေးသားပြီး ပရိသတ်တွေကို အသိပေးမျှဝေထားခဲ့ပါတယ်။
“ကျနော်တို့ချစ်တဲ့ မီးမီးခဲ… Australia Time 9:31 pm မှာ ခရစ်တော်၌ အိပ် ပျော်သွားပါပြီ။ မဆုံးခင်ဆုတောင်းပေးခွင့်ရခဲ့ပါတယ်။ R I P”
ခရစ်ယာန်တေးဂီတပညာရှင်များမိတ်သဟာယအဖွဲ့(Christian-Musician-Fellowship) ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ “တေးသံရှင် မီးမီးခဲ ခရစ် တော်၌ အိပ်ပျော်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနှင့်အတူ ဝမ်းနည်းမိပါသည် ဘုရားသခင်ထံမှ ငြိမ်သက်ခြင်းရရှိပါစေကြောင်း ဆုတောင်းပေးပါတယ်”လို့ ရေးသားထားခဲ့တာပါ။
‘အချစ်ကိုသိချိန်’၊ ‘ငါ့အကြောင်းနဲ့ငါ့ကံ’စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ အဆိုတော် မီးမီးခဲဟာ ကွယ်လွန်သူ တေးရေးဂီတပညာရှင် စောဘွဲ့မှူးရဲ့ သမီးငယ် ဖြစ်ပြီး အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ် ဖြစ်ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး နောက် ကင်ဆာအဆင့် ၄ အထိ ရောက်ရှိခဲ့ပြီး သြစတြေးလျနိုင်ငံမှာ နေထိုင်ကာ ဆေးကုသမှု ခံယူနေခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ မီးမီးခဲ ကွယ်လွန်သွားခဲ့ပြီဆိုတဲ့ သတင်းမှားတွေလည်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။
‘မီးမီးခဲ – BACK TO YOU’ လို့ အမည်ပေးထားတဲ့ သူ့ရဲ့ တကိုယ်တော် တေး ဂီတဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တုန်းက ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ရရှိတဲ့ငွေတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် လှူဒါန်းခဲ့ပါ တယ်။
လတ်တလောမှာတော့ ပရိသတ်တွေကြား အောင်မြင်တဲ့ တေးသီချင်းပေါင်းများ စွာကို သီဆိုခဲ့တဲ့ မီးမီးခဲရဲ့ နာရေးသတင်းအပေါ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက် နှာတွေပေါ်မှာ ရေးသားနေကြပါတယ်။
Mee Mee Khel-မီးမီးခဲ