ရမ်ဒက်ဆီဗီယာဆေး ကိုဗစ်သေဆုံးနှုန်းကို မလျှော့ချနိုင်ဟု WHO ကြေညာ
DVB
·
October 16, 2020
လေ့လာချက်အသစ်အရ ကိုဗစ်လူနာတွေ ကုသရာမှာ သုံးတဲ့ ရမ်ဒက်ဆီဗီယာ (remdesivir) ဆေးဟာ သေဆုံးနှုန်းနဲ့ ဆေးရုံတက်ကာလကို မလျှော့ချဘူးလို့ ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ (WHO) က အောက်တိုဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
WHO က လုပ်တဲ့လက်တွေ့စမ်းသပ်အရ ဂီးလီးယက်ဆိုင်းရန့်စ် ကုမ္ပဏီထုတ် ရမ်ဒက်ဆီဗီ ယာဆေးဟာ ကိုဗစ်လူနာတွေရဲ့ ဆေးရုံတက်ကာလနဲ့ အသက်ရှင်အခွင့်အလမ်းပေါ်မှာ သက်ရောက်မှု မရှိတာကို တွေ့ရပါတယ်။
ဒါဟာ အလားအလာရှိ ကိုဗစ်ကုသဆေး ၄ မျိုးရဲ့ သက်ရောက်မှုတွေကို WHO ရဲ့ "Solidarity" trial လက်တွေ့ စမ်းသပ်မှုလုပ်ရာကနေ ရရှိတဲ့ အဖြေပဲ ဖြစ်ပါတယ်။
အရေးပေါ် အခြေအနေမှာ ရမ်ဒက်ဆီဗီယာ ဆေးသုံးခွင့်ကို အမေရိကန် FDA အဖွဲ့ က မေ ၁ ရက်မှာ ခွင့်ပြုခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နိုင်ငံအတော်များများမှာ ရမ်ဒက်ဆီဗီယာ ဆေးသုံးခွင့်ပေးထားပါတယ်။ ရမ်ဒက်ဆီဗီယာဆေးဟာ ကိုဗစ်ကူးစက်ခံရတဲ့ အမေရိကန်သမ္မတ ထရမ့်ကို မကြာခင်က ထိုးပေး ခဲ့တဲ့ ဆေးတွေထဲက တမျိုးဖြစ်တယ်လို့ ရိုက်တာက ဆိုပါတယ်။