ထားဝယ်တိုင်းရင်းသားပါတီ မှတ်ပုံတင်လျှောက်ထား
DVB
·
July 19, 2013
၂၀၁၅ ရွေးကောက်ပွဲမှာ တနသာင်္ရီတိုင်းမှာ ထားဝယ်တိုင်းရင်းသားရေးရာ ၀န်ကြီး ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်ပြီး ထားဝယ်တိုင်းရင်းသားပါတီကို ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်လိုက်တယ်လို့ ပါတီ တာဝန်ရှိသူက ပြောပါတယ်။
ထားဝယ်တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသက လူပုဂ္ဂိုလ် ၁၉ ဦး ဦးဆောင်ပြီးတော့ ရေမြေတောတောင်တွေကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်မှန်းပြီး ဇူလိုင် ၁၆ ရက်နေ့က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မှတ်ပုံတင်ခဲ့တယ်လို့ ထားဝယ်တိုင်းရင်းသားပါတီ တည်ထောင်ရေး ကြိုးစားနေတဲ့ ဦးလေးလွင်က ပြောပါတယ်။
ပါတီမှတ်ပုံတင် အတည်ပြုခံရပါက ပထမဆုံးသော ထားဝယ်တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ ပါတီတခု ဖြစ်လာမှာပါ။အစိုးရသစ်လက်ထက်မှာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ထားဝယ်လူမျိုးတွေရဲ့အကြောင်းကို ဖော်ထုတ်ဖို့အတွက် ပါတီကို တည်ထောင်ရတာလို့ ပြောပါတယ်။
“ထားဝယ်ဆိုတာကိုက ကျနော်တို့က မြန်မာတခုဖြစ်တယ်လို့ပဲ သတ်မှတ်ထားတာအထိ ရှိခဲ့ဖူးတယ်။ ထားဝယ်က ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင် ထားဝယ်ဟာ တိုင်းရင်းသား တခုဟာ ဟို အရင်ကတည်းက ပျူခေတ်ကတည်းက ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ကျနော်တို့မှာ ရှိတယ်။ အဲဒါကို ကျနော်တို့ စနစ်သစ်နဲ့ အစိုးရသစ်တွေ ပေါ်လာတဲ့အခါ ကျနော်တို့ဟာ တိုင်းရင်းသားတခုဖြစ်တယ် တိုင်းရင်းသား အခွင့်အရေးရဖို့အတွက် ကျနော်တို့ရဲ့ ရေးရာတွေကို ကျနော်တို့ ဆက်လက် ဆောင်ရွက်ဖို့အတွက် ကျနော်တို့ ဦးတည်လုပ်ခဲ့တာပါ။”
တနင်္သာရီတိုင်းထဲက မြို့နယ် ၁၀ မြို့နယ်ကို ကိုယ်စားပြုတဲ့အနေနဲ့ အလံတံဆိပ်မှာ ကြယ် ၁၀ လုံးကို ဖော်ပြထားပြီး ထားဝယ်စကားပြောတဲ့လူတွေအားလုံးနဲ့ တခြားဒေသကို ရောက်နေတဲ့ ထားဝယ်တွေ ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။
ပျောက်ကွယ်နေတဲ့ ထားဝယ်တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ ထားဝယ် တိုင်းရင်းသားတွေရဲ့ အကြောင်းကိုလည်း ဦးလေးလွင်က အခုလို ပြောပါတယ်။
“ကျနော်တို့ဟာ ပြောင်းလဲတယ် ဆိုတာထက် ဖော်ထုတ်တဲ့သဘောပါပဲ။ ကျနော်တို့မှာ အထောက်အထားတွေ အများကြီးရထားပြီးပါပြီ ကျနော်တို့ရဲ့ ထားဝယ်တိုင်းရင်းသား အမှတ်တံဆိပ်ကိုတော့ ကျနော်တို့ အရင် သုံးခဲ့တဲ့ ဒင်္ဂါးပေါ့လေ။ ၁၅ ရာစုက သုံးခဲ့တဲ့ ဒင်္ဂါး။ အဲဒါ “တ၀ဲ” ဆိုတဲ့စာလုံးနဲ့ ကျနော်တို့မှာ စာလည်းရှိခဲ့တယ်။ ကျနော်တို့မှာ အားလုံး ယဉ်ကျေးမှုရော စကားလုံးရော၊ အစားအစာနဲ့ အ၀တ်အစား အားလုံးရှိခဲ့ပြီးသား ဖြစ်တယ်၊ အဲဒါမြုပ်သွားတာ ဖြစ်တာပါ။ အဲဒီမှာ “တ၀ဲ” ဆိုတဲ့ “တ” ဆိုတာကတလုံး ၀နောက်ပြင် ၀ဲ ဆိုတာကတလုံးပါတယ်။ အဲဒီ ၂ လုံးဆို အထောက်အထားနဲ့ အတိအကျ ရှိပါတယ်။ ဒါကို အင်္ဂလန်က အဲလိဇဘက်မိုးရ်ကိုယ်တိုင် သုတေသန လုပ်ထားတာ ရှိပါတယ် ထားဝယ်သားတွေနဲ့ ပေါင်းပြီးတော့ ကျနော်တို့ ထားဝယ်မြို့မှာ မြို့ဟောင်းကြီး ၄ ခုလည်း ကျနော်တို့ဟာ အသိအမှတ်ပြုပြီးတော့ နိုင်ငံတော်ကိုလည်း တင်ပြထားပြီးသားရှိပါတယ်၊ သာဂရ၊ မုတ္ထီးရယ်၊ ညောင်ခရား၊ ဝေဒီရယ်။ သာဂရ မြို့ဟောင်းဆိုရင် ကျနော်တို့ ထားဝယ်မြို့နဲ့ ၆ မိုင်၊ ၇ မိုင်လောက် ဝေးတဲ့နေရာမှာ ရှိပါတယ်။ အဲဒါကို နိုင်ငံတော်အစိုးရကလည်း အသိအမှတ်ပြုထားပြီးပါပြီ။ ဒါဟာ ပျူခေတ်က လက်ရာ။ ပျူ၊ ပုဂံ၊ ထားဝယ်ပေါ့။ ကျနော်တို့ဟာ ပုဂံခေတ်မတိုင်ခင်ကတည်းက ပျူခေတ်ကတည်းက ရှိခဲ့တဲ့ လူမျိုးတွေ။”