Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်စီးနင်းခဲ့သည့် သမိုင်းဝင်လှည်းယာဉ်ဖြင့် မြင်းခြံမြို့၌ NLD ဝန်းရံသူများ လှည့်လည်
DVB
·
October 16, 2020
လွန်ခဲ့တဲ့နှစ်ပေါင်း  ၃၀ ကျော်က  ဒေါ်အောင်ဆန်းစုကြည်စီးနင်းခဲ့ဖူးတဲ့ လှည်းယာဉ်နဲ့ အတူ အန်အယ်လ်ဒီပါတီ ဝန်းရံထောက်ခံသူတွေဟာ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက မြင်းခြံမြို့မှာ  စုပေါင်း လှည့်လည်အင်အားပြပွဲကြီး  ပြုလုပ်ခဲ့ပါတယ်။ ထောက်ခံအင်အားပြပွဲမှာ ဆိုင်ကယ်ဗိုက်ကာအဖွဲ့က အစီး ၃၀ ကျော်၊ စက်ဘီးဗိုက်ကာအဖွဲ့က အစီး ၁၀၀ ကျော်၊ လယ်ယာသုံးထွန်စက် ၁၀၀ ကျော်နဲ့ ကားတွေ‌၊ မော်တော်ဆိုင်ကယ်တွေ အပြင် ကျွဲတွေနဲ့ မြင်းတွေပါစီးပြီး   မြင်းခြံမြို့တွင်း လှည့်လည်ခဲ့ကြတာပါ။ အင်အားပြပွဲမှာ မြင်းခြံမြို့နဲ့ အနီးနား ရှိကျေးရွာတွေ သာမက နွားထိုးကြီးမြို့နယ်က ကျေးရွာ ၂၀ ကျော်က ပြည်သူတွေလည်း ပူးပေါင်းပါဝင် လာရောက်ဝန်းရံခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလှည်းယာဉ်နဲ့ အတူ အင်အားပြလှည့်လည်ဖို့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပြီးနောက် အခုလို လူအများအပြားလာရောက်ဝန်းရံခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက် ၈ နာရီခွဲလောက်က  မြင်းခြံမြို့ရှိ ပိုလာဆေးလိပ်ခုံခြံကနေ စတင် အင်အားပြလှည့်လည်ခဲ့ကြတာဖြစ်ပြီး မြင်းခြံ နာရီစင်ရှေ့ ဗိုလ်ချုပ်လမ်းမှ မြင်းခြံထောင်ကြီးရှေ့ ချောင်းဒေါင်းလမ်းကနေ မြင်းခြံဆေးရုံရှေ့လမ်း တပတ်ပတ်ကာ မြင်းခြံ အန်အယ်လ်ဒီရုံးရှိရာ စွန်းလွန်းအထိ လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ   မြင်းခြံကို အန်အယ်လ်ဒီပါတီ စည်းရုံးရေးခရီးစဉ်အဖြစ် လာရောက်စဉ် အဆိုပါ နွားလှည်းယာဉ်ငယ်လေးကို လိုက်ပါ စီးနင်းခဲ့တာပါ။  မြင်းခြံမြို့တွင် သမိုင်းဝင် လှည်းယာဉ်နဲ့အတူ  အင်အားလှည့်လည်ပြသပြီး နောက်ပိုင်းမှာ လှည်းယာဉ်ကို ဆက်လက်ပြီးပြန်လည်ထိန်းသိမ်း စောင့်ရှောက်သွားမယ်လို့ လှည်းယာဉ်ပိုင်ရှင် ကိုဖိုးသက် (ခ) ကိုသက်နိုင်အောင်က ပြောပါတယ်။ ဒီလှည်းယာဉ်ကို သူလက်ထဲမှာ ထိန်းသိမ်းထားတာ တစ်နှစ်ကျော်ပြီဖြစ်ကာ လှည်းယာဉ်ကို မူရင်းဓာတ်ပုံနဲ့တိုက်ပြီး ၉၅ ရာခိုင်နှုန်းလောက် သူ့မူလအတိုင်း ဖြစ်အောင် ပြင်ဆင်ထားတယ်လို့လည်းပြောပါတယ်။  ဒီလှည်းယာဉ်သက်တမ်းကတော့ နှစ်ပေါင်း ၈၀  ကျော် ရှိပြီး ၃ လလောက် အချိန်ယူကာ နားလည်တဲ့ ပညာရှင်တွေနဲ့ ပြင်ဆင်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်း မြင့်မားနေတဲ့အတွက်ကြောင့် လူ ၃၀ ထက်ပိုပြီး  လူစုလူဝေးတွေ မပြုလုပ်ဖို့နဲ့ မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ထက်မပိုဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  တားမြစ်ထားပါတယ်။ သတင်း- အဂ္ဂဖြိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024