မဲဆောက်၌ တရားမဝင်လာရောက်သည့် မြန်မာ ၂ ဦး ဖမ်းဆီးခံရ၊ မြန်မာအဝင်မခံရန် ဆန္ဒပြ

မြန်မာနိုင်ငံဘက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအရှိန်မြင့်လာတဲ့နောက် ထိုင်းနယ်စပ်လျှောက်မှာ လုံခြုံရေးတွေတင်းကြပ်ထားပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးရမိနေဆဲ ဖြစ်ပါတယ်။  တာ့ခ်ခရိုင် မဲဆောက်မြို့မှာဆိုရင် မနေ့ညက မယ်ပအုပ်စု ဝမ်းကယောက်ရပ်ကွက်ထဲမှာ သောင်ရင်းမြစ်ကိုဖြတ်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၂ ဦးကို  နယ်မြေစစ်ဆေးရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိတယ်လို့  ဆယာမ်ရတ်ထိုင်း သတင်းမှာ ဖော်ပြပါတယ်။  မြန်မာဘက်ခြမ်းမှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလာလို့ တရားမဝင် ဝင်ရောက်မှုကို တင်းကြပ်စွာ ထိန်းချုပ်ထားတဲ့ကြားက ခုလိုဖမ်းဆီးရမိတာဖြစ်ပြီး သူတို့ကို တရားမဝင်ဝင်ရောက်မှု နဲ့ရော ကိုဗစ်-၁၉ ကာကွယ်ရေးဥပဒေနဲ့ပါ အရေးယူသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က မြန်မာဘက်ခြမ်းကနေ ဝင်လာတဲ့ ကုန်တင်ကားပေါ်က မြန်မာ ၂ ဦးထံမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတာကို တွေ့ရှိပြီးတဲ့နောက် ထိုင်းဘက်ခြမ်းက ပြည်သူတွေဟာ မြန်မာဘက်ကနေ လူရော ကုန်တင်ကားပါ အဝင်မခံဖို့  အမှတ် ၂ ချစ်ကြည်ရေး တံတားကို ပိတ်ပေးဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။  မဲဆောက်မြို့သူမြို့သားတွေဟာ သူတို့ရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးကို ကာကွယ်ပေးဖို့ မြန်မာ ဘက်ကလူတွေ အဝင်မခံဖို့   အောက်တိုဘာ ၁၁ ရက်မှာတစ်ကြိမ် ၁၄ ရက်နေ့မှာတစ်ကြိမ် ဆန္ဒပြခဲ့ သလို အာဏာပိုင်တွေကလည်း သံဆူးကြိုးတွေ လျှပ်စစ်ကြိုးတွေနဲ့ ကာရံပြီး လုံခြုံရေးမပြတ် စောင့်ကြည့်နေတဲ့ကြားက တရားမဝင် လာရောက်သူတွေ ရှိနေဆဲပဲလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှု ကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ် ။  “လုံခြုံရေးတပ်ဖွဲ့ပေါင်းစုံလည်း သုံးတယ်။ စီစီတီဗွီတွေလည်း တပ်ထားတယ်။ လုံခြုံရေး အ ချက်ပြ ကိရိယာတွေလည်း သုံးတယ်။ ၂၄ နာရီစောင့်ကြည့်တယ်၊ ဒါပေမဲ့ ခိုးဝင်နေကြတုန်းပါဘဲ ခင်ဗျာ။ ပြီးခဲ့တဲ့ လေးငါးရက်ကလည်း မဲဆောက်မှာ ခိုးဝင်လာသူ ၄ ယောက်ဖမ်းမိသေးတယ်။ တရုတ်နိုင်ငံသားတွေပါ ပါတယ်။ သောင်ရင်းမြစ်က နယ်စပ်မြို့နယ် ၆ ခုကိုဖြတ်ပြီးစီးဆင်းနေတော့ ဝင်လာလို့ရနေတာပါပဲ။ တောလမ်းတွေလည်းရှိသေးတယ်။ နှစ်ဘက်လုံးက ဝန်ထမ်းတွေ ခြစား တာလည်းပါပါတယ်။ ပိုက်ဆံပေးရင်လွှတ်ပေးလိုက်တာမျိုးပေါ့”  ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို  ထိန်းသိမ်းနိုင်တယ်လို့ ထိုင်းဒုကျန်းမာရေးဝန်ကြီးက ပြောထားကာ ပြည်သူတွေတောင်းဆိုတဲ့  အမှတ် ၂ ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ် ပိတ်တာကိုတော့ မလုပ်သေးဘူးလို့ ဆိုပါတယ်။  အဆိုပါဂိတ်မှာ အဲမ်အိုယူအလုပ်သမားတင်သွင်းတာကို ရပ်နားထားပြီး မြန်မာဘက်က လူတွေ ဝင်ရောက်လာတာမတွေ့ရပေမဲ့ ထိုင်းဘက်ကနေ ပြန်ဝင်တဲ့သူတွေတော့ နေ့စဉ် ၁၀၀ ကျော်ရှိတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။  ကိုးကား- Siamrath/Amarintv

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up