Home
မြန်မာသတင်း
ကပ်ရောဂါနှင့် ရွေးကောက်ပွဲအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအမြတ်မထုတ်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
ပီတာအောင်
·
October 16, 2020
ကပ်ရောဂါကူးစက်မှုနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေရှိနေတဲ့အပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်တာတွေကို ရပ်တန်းကရပ်ကြဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် နှစ်ပတ်လည်အဖြစ် အောက်တိုဘာ ၁၅ ရက်ညက နိုင်ငံပိုင်ရုပ်သံကနေ ပြည်သူ လူထုကို ပြောကြားတဲ့  မိန့်ခွန်းမှာထည့်သွင်းပြောသွားတာပါ။ “အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ဆိုင်ရာ စိန်ခေါ်မှုတွေ၊ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်တွေ ရှိနေပေမယ့်လည်း ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ယာယီ ရပ်တန့်ထားလို့ရတဲ့အရာ မဟုတ်ဘူး။ ကပ်ရောဂါကူးစက်မှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ရှိနေမှု ပေါ် အခွင့်ကောင်း ယူပြီး စစ်ရေးအရ အမြတ်ထုတ်တာတွေ၊ ရန်လိုမှုတွေ ပြသနေတာတွေကိုလည်း ရပ်တန်းက ရပ်ကြဖို့ အလေးအနက် ပြောကြားလိုပါတယ်။” လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးလည်း အချိန်ကြာမြင့်အောင် လုပ်ဆောင်ခြင်း၊ အချိန်ဆွဲခြင်းတွေ မလုပ်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အချိန်ဆွဲတာဟာ ငြိမ်းချမ်းရေးကို ငြင်းပယ်သလိုမျိုး လုပ်ရာ ရောက်နိုင်တယ်လို့တောင် မြင်မိပါတယ်။ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေဟာ ကိုယ်တာဝန်ရှိတဲ့ လုပ်ငန်း၊ တာဝန်ယူရမယ့်နေရာမှာ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် မဆောင်ရွက်ဘဲ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး၊ ကိုယ့်ရဲ့ နိုင်ငံရေး၊ ကိုယ့်ရဲ့ ပရိသတ်အကြိုက် အကျိုးစီးပွားကွက်ကွက်ကလေးကို ဦးစားပေးပြီး အချိန်ဆွဲ ဖင့်နွှဲနေမယ်ဆိုရင်၊ ဒီထက်ပိုပြီး ဆိုးတာက ငြိမ်းချမ်းရေးကို ဖျက်လို ဖျက်ဆီးလုပ်နေမယ်ဆိုရင်တော့ ကိုယ်တာဝန်ခံရမယ့် လူတွေအတွက်၊ ကိုယ်တာဝန်ယူထားရတဲ့ ကဏ္ဍအတွက် တာဝန်မကျေရာ ရောက်ပါလိမ့်မယ်။ ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသနဲ့ ကိုယ့်လူထုကစလို့ ပြည်ထောင်စုကြီးတစ်ခုလုံး အတွက် တာဝန်ရှိတဲ့နေရာ ရောက်နေရင်တော့ ပြည်ထောင်စုတစ်ခုလုံးရဲ့ အနာဂတ်နဲ့ချီပြီး တာဝန်မကျေပွန်သူ ဖြစ်လာနိုင်တယ်ဆိုတာကို အထူး သတိပြုစေလိုပါတယ်။” NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါနေတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ် မထိုးရသေးပေမယ့် ဆွေးနွေးညှိနှိုင်းနေဆဲ အဖွဲ့အစည်းတွေရော၊ အားလုံးအနေနဲ့ အပြန်အလှန် ဆက်သွယ်မှု၊ ထိတွေ့ပြောဆိုမှု၊ ညှိနှိုင်းအဖြေရှာ မှုတွေကို အလွတ်သဘောပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ဆက်တိုက်လုပ်နေ ကြဖို့လည်း မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။ အန်အယ်လ်ဒီအစိုးရအနေနဲ့ NCA ကို စတင်ညှိနှိုင်းခဲ့ချိန်၊ စတင်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ချိန်တွေမှာ ပါဝင်ခဲ့ခြင်းမရှိပေမယ့်လည်း သဘောတူညီချက် တွေကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း NCA အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အခက်အခဲ တွေ၊ စိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရကြောင်း ဒါဟာ NCA စာချုပ် ညှိနှိုင်းဆွေးနွေး ခဲ့ချိန်တုန်းက ရှင်းရှင်းလင်းလင်း မရှိခဲ့တာတွေ၊ နှစ်ဖက် ဘုံနားလည်မှု မရရှိ ခဲ့တာတွေ၊ ကိုယ်လိုလားတဲ့ အစိတ်အပိုင်းအချို့ကိုပဲကွက်ပြီး ဖော်ဆောင် တာတွေ၊ ကိုယ်မလိုလားတဲ့ အစိတ်အပိုင်းတွေကျတော့ သိသိနဲ့ လျစ်လျူရှုထား ခဲ့တာတွေ၊ နှစ်ဦးနှစ်ဖက်ကြားမှာ အဓိပ္ပာယ်ဖွင့်ဆိုချက် ရှင်းရှင်းလင်းလင်း မရှိခဲ့တာတွေကြောင့် ဖြစ်ကြောင်းလည်း ဆိုပါတယ်။ ဒါ့အပြင် အစိုးရဟာ တိုင်းရင်းသားတွေရဲ့အသံကို နားမထောင်ဘူး၊ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို လျစ်လျူရှုတယ်ဆိုတဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောသွားပါတယ်။ “NCA က စလို့ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေအထိ ကျွန်မတို့ဟာ တိုင်းရင်းသားအစုအဖွဲ့တွေရဲ့ လိုအင်ဆန္ဒတွေကို အခြေခံပြီး ဆွေးနွေးညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့အစိုးရလက်ထက်မှာ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၂)ဖွဲ့ NCA မှာပါဝင်လက်မှတ်ရေးထိုးလာခဲ့ကြသလို ကျန်ရှိနေသေးတဲ့အဖွဲ့တွေအတွက်လည်း အားလုံးပါဝင်ရေးမူနဲ့ လမ်းဖွင့်ထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်တွေ၊ လမ်းညွှန်အခြေခံမူတွေကို ညှိနှိုင်းဆွေးနွေးကြရာမှာလည်း မပါဝင်နိုင်သေးတဲ့အဖွဲ့တွေပါ လက်ခံနိုင်အောင် ကျွန်မတို့စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ (၂၁)ရာစုပင်လုံညီလာခံဟာ လွတ်လပ်ရေး ရရှိပြီးတဲ့နောက် သမိုင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အချိန်ကိုက် ပေါ်ပေါက်လာခဲ့တဲ့၊ သမိုင်းကြောင်းတစ်လျှောက် ပထမဦးဆုံး နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားအဖွဲ့ အစည်းအားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်။”  လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံရဲ့ အဓိကအားနည်းချက်ဟာ တစ်မျိုးသားလုံးညီညွတ်တဲ့ အမျိုးသားညီညွတ်ရေးနဲ့ ညီညွတ်ရေးကြောင့် တည်တံ့စေမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခြင်း မရှိခဲ့တာဖြစ်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအုတ်မြစ်အပေါ်အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်မှာ သိက္ခာရှိတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။ NCA လက်မှတ်ရေးထိုးခြင်းအထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ နှစ်ပတ်လည်အချိန်အခါတွေမှာတော့ နေပြည်တော်မှာ  အခမ်းအနား ကျင်းပခဲ့ပြီး  အခု ၅ နှစ်မြောက်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်ထိန်းချုပ်ရေး အခြေအနေအရ အခမ်းအနားကျင်းပနိုင်ခြင်း မရှိဘဲ ဗီဒီယိုရိုက်ကူး မိန့်ခွန့်ထုတ်လွှင့်တာပါ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ( NCA) ကို  ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နောက်ထပ် ၂ ဖွဲ့နဲ့ ထပ်မံ လက်မှတ်ရေးထိုးခဲ့တာပါ။ ဓာတ်ပုံ- State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024