Home
မြန်မာသတင်း
ညောင်လေးပင်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၀ ဦးထပ်တွေ့၊ ယာယီဆေးရုံ အရေးပေါ်လိုအပ်
DVB
·
October 16, 2020
121164699_2492943647664995_425249158727223847_n
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ​ဆေးရုံ​တွေမှာ​ နေရာအခက်ခဲရှိလာတာ​​ကြောင့် ယာယီ​ဆေးရုံ အ​ရေး​ပေါ်လိုအပ်​နေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ အောက်တိုဘာ ၁၄ ရက်က အမျိုးသားဓာတ်ခွဲဌာနကို ဓာတ်ခွဲနမူနာ ၁၂၁ ခု ပေးပို့စစ်ဆေးရာမှာ လူနာသစ် ၁၀ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အတည်ပြုလူနာသစ် ၁၀ ဦးဟာ မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံလုပ်သား ၈ ဦး၊ မြောက်ဥက္ကလာပ​မြို့နယ်က ပြန်လာသူ ၁ ဦး၊ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ ၁ ဦးတို့ဖြစ်​ပြီး ကွာရန်တင်းစင်တာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိသူတွေဖြစ်ကြပါတယ်။ အတည်ပြုလူနာသစ် ၁၀ ဦးကို မြို့နယ်တိုင်းရင်းဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတို့မှာ ဆေးကုသပေးနေပြီ လူနာအားလုံးဟာ ရောဂါလက္ခဏာ​မပြဘဲ အခြေအနေကောင်းတယ်လို့ ညောင်လေးပင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ညောင်လေးပင်မြို့နယ် ကွာရန်တင်းစင်တာ  ၄၀ ကျော်ရှိ လူတွေကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးနေတာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ထပ်တွေ့လာပါက ဆေးရုံမှာ နေရာအခက်အခဲရှိလာနိုင်တာကြောင့် ယာယီဆေးရုံ အရေးပေါ် လိုအပ်​နေတယ်လို့ ဆိုပါတယ်။ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးက "ဒီနေ့နဲ့နောက်ရက်တွေ့မှာ ဓာတ်ခွဲနမူနာ ထပ်ပို့လို့ လူနာတွေ ထပ်တိုးလာပါက နေရာအခက်အခဲရှိလာနိုင်တယ်။ မနေ့ကတခါ အစည်းအဝေး လုပ်တယ်။ ဒီနေ့လည်း အစည်းအ​ဝေးထပ်လုပ်​ပြီးရင်​တော့ သာသနာ့ဗိမ္မာန်၊ ဒါမှမဟုတ်ရင် အားကစားရုံပေါ့၊ အားကစားရုံတော့ ဖြစ်ဖို့ များပါတယ်။ ယာယီဆေးရုံဆောက်ဖို့လေ၊ အရေးပေါ်တော့ လုပ်ရမှာပေါ့။" ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်ဒုတိယလှိုင်းကာလ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး ဒီနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉ ဦးထိ ရှိလာနေပြီး ၁ ဦးက ဆေးရုံဆင်းခွင့် ရရှိထားတယ်လို့ သိရပါတယ်။ သတင်း၊ဓါတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024