DVB Logo
Home
မြန်မာသတင်း
ငွေလဲနှုန်း လွတ်လပ်သည့်နှုန်းရှင်စနစ် ပြောင်းလဲရေး ငွေကြေးတည်ငြိမ်ရန်လို
DVB
·
July 18, 2013
ငွေလဲနှုန်း လွတ်လပ်သည့်နှုန်းရှင်စနစ် ပြောင်းလဲရေး ငွေကြေးတည်ငြိမ်ရန်လို
Donate to DVB

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်ကို ထိန်းချုပ်နှုန်းရှင်စနစ်ကနေ လွတ်လပ်တဲ့နှုန်းရှင်စနစ် အဖြစ်ပြောင်းလဲမယ်ဆိုရင် ငွေကြေးတည်ငြိမ်အောင် လုပ်ဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာရောင်းဝယ်နေတဲ့ နိုင်ငံခြားငွေကြေးဈေးကွက်က ဗဟိုဘဏ်အနေနဲ့ နေ့စဉ်ငွေလဲနှုန်းကို အခြေခံသတ်မှတ်ပေးပြီးတော့ ရောင်းဝယ်နေတဲ့ ထိန်းချုပ်နှုန်းရှင်စနစ် (manage float market) ကနေ လွတ်လပ်တဲ့နှုန်းရှင်စနစ် (free float market) အဖြစ် ပြောင်းလဲဖို့ ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားလိုက်တာပါ။

ဒါနဲ့ ပတ်သက်ပြီး စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက "ထိန်းချုပ်နှုန်းရှင်စနစ်ကနေ လွတ်လပ်မှုတဲ့နှုန်းရှင်စနစ် ပြောင်းတဲ့နေရာမှာ စိုးရိမ်စရာတွေ ရှိပါတယ်။ ဘာစိုးရိမ်စရာ ရှိလဲဆိုတော့ လက်ရှိ ကျနော်တို့ ဗဟိုဘဏ်ရဲ့ အထွေထွေ နိုင်ငံခြား အရန်ငွေကြေး ပမာဏက ဘာပဲပြောပြော အင်မတန်နည်းပါသေးတယ်။ နောက်တခု စိုးရိမ်စရာက သွင်းကုန်နဲ့ ပို့ကုန်မှာ သွင်းကုန်က ပိုများလာတယ်။ ကုန်သွယ်မှုလိုငွေ ဖြစ်လာတယ်။ တဖက်က ဘဏ္ဍာရေးမှာလည်း ရငွေထက် သုံးငွေက ပိုများနေတယ်။ ကျနော်တို့ ဒီလို ပြဿနာတွေမှာ ငွေလှယ်နှုန်းတွေ ဘယ်လိုဖြစ်လာမလဲ၊ ငွေလှယ်နှုန်းကို ဘယ်ဟာတွေက ဆုံးဖြတ်ပေးမှာလဲဆိုတာ မေးစရာရှိလာတယ်” လို့ ပြောပါတယ်။

ဒါကြောင့် ငွေကြေးဈေးကွက်ကြောင့် ဖြစ်ပေါ်လာမယ့် အခြေအနေအရပ်ရပ်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်မှုမရှိနိုင်ခဲ့ရင် တိုင်းပြည်ရဲ့စီးပွားရေးအပေါ်မှာ ဆိုးကျိုးရှိလာနိုင်တယ်လို့ ရှင်းလင်းပြောဆိုပါတယ်။

“ဘယ်ဘဏ်က ဘယ်လောက် ရောင်းဝယ်နေတယ်၊ နိုင်ငံခြားငွေကြေး လဲလှယ်ရောင်းဝယ်နိုင်တဲ့ ကောင်တာတွေမှာရော အားလုံးပေါင်းမယ်ဆိုရင် တနေ့တာ  ဘယ်လောက်အထိ အရောင်းအ၀ယ် လုပ်သလဲ၊ အဲဒီ ပမာဏ ဘယ်လောက်ရှိသလဲ၊ အဲဒါကို ကျနော်တို့ သိဖို့လိုတယ်။ နောက်တခါ ပြင်ပဈေးကွက်မှာ အရောင်းအ၀ယ်လုပ်နေတဲ့ ပမာဏကို အတိုင်းအတာတခုအထိ ခန့်မှန်းကြည့်ရင် သိသာပါတယ်။ နောက် နယ်စပ်ကုန်သွယ်ရေးမှာ တရားဝင်ရော၊ တရာမ၀င်ရော ဈေးနှုန်းတွေ ဘယ်လောက်ရှိသလဲ။ နောက်တခု အရေးကြီးတာက အသားတင်ဝင်ငွေရရှိမှုက အင်မတန် ကြီးလာတယ်။ သူ့ရဲ့ အချိုးက ရရှိလာတဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးရဲ့အချိုးထက်  အဆမတန်ကြီးလာရင် တော်တော် သတိထားဖို့လိုတယ်။ ဘာကြောင့် အဲဒီလိုပြောရသလဲဆိုရင် ၁၉၉၆ ဩဂုတ်လမှာ ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ငွေကြေးအခက်အခဲမှု ပြဿနာဟာ အဲဒီအခြေအနေကြောင့် ဖြစ်သွားတာ ဖြစ်တယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ ကျနော်တို့ ဒီဗဟိုက နောက်ဆုံး ထိန်းလို့မရ ဖြစ်သွားတဲ့  အနေအထားတွေ ဖြစ်သွားနိုင်တယ်။”

အလားတူ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ ထိန်းချုပ်နှုန်းရှင်စနစ် ကနေ လွတ်လပ်တဲ့ နှုန်းရှင်စနစ်အဖြစ် ပြောင်းလဲတာက ကောင်းတဲ့အချက်လို့ ဆိုရပေမယ့် ဈေးကွက်မှာ နိုင်ငံခြားငွေကြေးတန်ဖိုး အတက်အကျ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို ၀င်ထိန်းပေးဖို့လိုတယ်လို့ အခုလို ပြောပါတယ်။

“ကောင်းတာတော့ သူ့အတွက်က တနည်းအားဖြစ်ကောင်းတယ်။ ဒါပေမယ့် ဗဟိုဘဏ်ကတော့ တခါတလေ အရေးကြီးရင်တော့ ကြီးသလိုပေါ့၊ ထိန်းချုပ်ဖို့တော့ လိုလိမ့်မယ် ထင်တယ်၊ ဒီအတိုင်းပစ်ထားရင်လည်း မရဘူး။ သူတို့လည်း လုပ်နေပါတယ်။ IMF ကလည်း အကြံပေးတာရှိနေတော့ လာလည်း လာကြမယ်။ ဖြစ်လာရင် တဖြည်းဖြည်းတော့ ကောင်းပါတယ်။ တနည်းအားဖြစ်တော့ အပြင်ဈေးကွက်နဲ့ ပိုပြီးတော့ နီးစပ်သွားတဲ့ သဘောတော့ ရှိတာပေါ့။ ဒါပေမယ့် နီးစပ်သွားပေမယ့်လည်း ခုနလို တရားလွန်ကျသွားတာတို့ တရားလွန်တက်တာတို့ ဖြစ်လာရင်တော့ ဗဟိုဘဏ်က ၀င်ထိန်းကျောင်းပေးဖို့တော့ လိုလိမ့်မယ်။ ၀င်ထိန်းကျောင်းတဲ့အခါ ဗဟိုဘဏ်က အရှုံးပြတယ်လို့တော့ တွက်လို့မရဘူး။ တခါတလေလည်း ရှုံးရင် ရှုံးမှာပဲ၊ အဲဒီလိုတော့ရှိတယ်၊ အဲဒါလည်းပဲ ဗဟိုဘဏ်က သိမှာပါ။”

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ဈေးကွက်တခုအနေနဲ့ တရားဝင်ဈေးကွက်မရှိခင်အချိန်က အစိုးရသတ်မှတ်ငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို ၇ ကျပ်နှုန်းရှိပြီး ပြင်ပမှောင်ခိုဈေးကွက်မှာတော့ ၁ ဒေါ်လာကို ကျပ် ၁၀၀၀ ကျော်အထိ ရှိခဲ့တာပါ။

၁ ဒေါ်လာ ၇ ကျပ် ရှိခဲ့တဲ့ အခြေအနေကလည်း နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပါတယ်။ ဒီ့နောက် အရပ်သား အစိုးရသစ် တက်ပြီးနောက် ၂၀၁၂ ခုနှစ် ဧပြီလကစပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ ရှိခဲ့တဲ့ ငွေလဲနှုန်းကို ပထမဆုံး အကြိမ်အနေနဲ့ ပြောင်းလဲခဲ့တာပါ။

ဒါကြောင့် လက်ရှိအချိန်မှာ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က ထိန်းချုပ်နှုန်းရှင်စနစ် နဲ့ နေ့စဉ်ငွေလဲနှုန်းထားကို အခြေခံသတ်မှတ်ပေးပြီးတော့ ပုဂ္ဂလိကဘဏ်တွေအပါအ၀င် စီးပွားရေးလုပ်ငန်းရှင်တွေက တရားဝင်ရောင်းဝယ်ခွင့် ရရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013