မင်းလှတွင် ၄ နှစ်ကလေးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၃ ဦး တွေ့ရှိ၊ စုစုပေါင်း ၄၄ ဦး ရှိလာ
DVB
·
October 16, 2020
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ Quarantine ဝင်နေသူတွေကို test kits နဲ့ စစ်ဆေးရာမှာ ၄ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်က Quarantine ဝင်နေသူ အယောက် ၃၀ ကို test kits နဲ့ စစ်ဆေးရာမှာ ၃ ဦး ပိုးတွေ့ရှိခဲ့ပြီး မင်းလှဆေးရုံမှာ ထားရှိကုသထားတယ်လို့ မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
ဖခင်ဖြစ်သူမှာ ပထမရက်က ပိုးတွေ့လို့ ကံ့ကော်ပင်စင်တာမှာ Quarantine ဝင်နေတဲ့ ၄ နှစ်ကလေးနဲ့ တစ်ခန်းတည်းတူတူနေ ၁ ဦးတို့ကို စစ်ဆေးရာမှ ပို့တွေ့ရှိခဲ့တာလို့ ကံ့ကော်ပင်ကျေးရွာ အုပ်ချပ်ရေးမှူး ကိုမောင်နိုင်က ပြောပါတယ်။
ပိုးတွေ့သူ နောက်တဦးကတော့ ဥတိုကညင်ပင် Quarantine စင်တာက ဖြစ်တယ်လို့ သိရပါတယ်။
ကံ့ကော်ပင် Quarantine စင်တာမှာ ပိုးတွေ့တာ ၄ ဦးထိရှိလာပြီး အခုလက်ရှိ Quarantine ဝင်နေသူ ၃၂ ဦးရှိပါတယ်။ မင်းလှမြို့မှာ အောက်တိုဘာ ၁၅ ရက်အထိ အတည်ပြုလူနာ ၄၄ ဦးထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၂၂ ဦး ရှိပြီလို့ သိရပါတယ်။