DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်း မတော်တဆမှု ယာဉ်မောင်းကြောင့် အဖြစ်များဟု တာဝန်ရှိသူပြော
DVB
·
July 18, 2013
ရန်ကုန်-မန္တလေးလမ်း မတော်တဆမှု ယာဉ်မောင်းကြောင့် အဖြစ်များဟု တာဝန်ရှိသူပြော
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ မတော်တဆယာဉ်တိမ်းမှောက်မှုနဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်အများစုဟာ ယာဉ်မောင်းသူတွေရဲ့ပေါ့ဆမှုကြောင့် အဖြစ်များပြီး လမ်းပိုင်း မပြည့်စုံမှုလည်းပါသလို လမ်းစည်းကမ်းကိုလည်း ၀ိုင်းဝန်းလိုက်နာကြဖို့ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

“အန်ကယ်တို့ လမ်းမှာလည်း မပြည့်စုံတာတွေ ရှိပါတယ်။ လမ်းမှာ အပြစ်မရှိဘူးလို့ မပြောဘူးနော်၊ လမ်းမှာ အပြစ်တော့ ရှိကြပါတယ်။ ဦးတို့ ဘက်ကလည်း လုပ်ပေးပါမယ်။ လုပ်ဖို့လည်း အများကြီးလိုပါသေးတယ်။ လုပ်နေမှာပါ။ ပြင်တာထက်စာရင် ဖြည့်စွက်တာတွေပေါ့နော် လိုအပ်တာတွေ တောက်လျှောက် လုပ်နေပါတယ်။ ခရီးသွား ပြည်သူတွေနဲ့ ဒီသွားတဲ့ အမြန်လမ်းကနေ အသုံးပြုတဲ့ နေရာနဲ့ ဘာလုပ်ပေးရမလဲဆိုရင် ဦးတို့နဲ့ ပူးပေါင်းပါဝင်ပြီးတော့ ခုနက လမ်းစည်းကမ်းလေးတွေကို ၀ိုက်ဝန်း လိုက်နာပေးလိုက်ရင် ဒါတွေဟာ အကုန်လုံး သက်သာသွားမယ့် အနေအထား ရှိပါတယ်။ ဦးတော့ တနေ့တနေ့ စိတ်မကောင်းပါဘူး။ တနေရာ ဖြစ်ပြန်ပြီ၊ ဟိုနေရာ ဖြစ်ပြန်ပြီ။ အဲဒီလိုတွေ ဖြစ်နေတော့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ လမ်းအသုံးပြုသူတွေရဲ့ ပြန်ပြောတာလေးတွေကို နားထောင်ပြီးတော့ လိုအပ်ချက်ကလေတွေကိုလည်း ဦးတို့က ဖြည့်စွက်ပြီးတော့ လုပ်ပေးနေတာပဲ။ အဲဒီတော့ တလမ်းလုံးမှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်နေတာကို လူရယ်၊ လမ်းရယ်၊ ယာဉ်ရယ်ပေါ့နော်။ အဲဒီမှာ လူကြောင့်က အများဆုံး ဖြစ်နေတာပါ။ လမ်းနဲ့ယာဉ်နဲ့က အင်မတန်နည်းတာပေါ့။”

ဒီအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ယာဉ်မတော်တဆ ဖြစ်စဉ်အရေအတွက်ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိ ၁၄၂ မှု ရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်တွေမှာ ဒဏ်ရာရခဲ့သူ ၄၂၂ ယောက် ရှိပြီး ယာဉ် တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုတွေကြောင့် သေဆုံးခဲ့သူအရေအတွက်က ၈၃ ယောက် ဖြစ်တယ်လို့ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့ ၂၀၁ မိုင် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အမြန်လမ်းမကြီးကို သုံးစွဲနေကြတဲ့ ခရီးသည်တွေအကြား စိုးရိမ်ပူပန်မှုတွေ တိုးပွားလာ နေပြီး ယာဉ်ကြံ့ခိုင်မှု ကောင်းမွန်တယ်၊ ဘေးအန္တရာယ်ကင်းရှင်းနိုင်တာနဲ့ လုံခြုံစိတ်ချရတယ်လို့ သူတို့ယူဆကြတဲ့ ယာဉ်လိုင်းတွေကိုပဲ သေသေချာချာ ရွေးချယ်သွားလာနေကြပါတယ်။

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ခရီးသွားလာရတဲ့အခါ စိတ်လုံခြုံမှု လျော့နည်းလာတယ်လို့ ခံစားရကြောင်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က  ခရီးသည် ဦးအောင်သိန်းက  ပြောပါတယ်။

အရည်အသွေးမပြည့်တဲ့ ကွန်ကရစ်လမ်းဟာ တာယာတွေကို အမြန်ပါးစေသလို မတော်တဆယာဉ်တိုက်မှုတွေ အဖြစ်များနေတယ်လို့ ပြည်သူတွေအကြား ဝေဖန်ပြောဆိုနေကြတာပါ။
အဲဒီအမြန်လမ်းရဲ့ ၁၁၅ မိုင်မှာရှိတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တာဝန်ရှိသူတဦးကတော့ ယာဉ်မောင်းသူတွေဘက်က သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်တာတွေကြောင့် အဖြစ်များတယ်လို့ သိရကြောင်း ပြောပါတယ်။

ယာဉ်မောင်းသူတွေအနေနဲ့ အမြန်လမ်းပိုင်းတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို ပူးပေါင်းပါဝင်ဖို့ကလည်း အရေးကြီးတယ်လို့ အဲ့ဒီအမြန်လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတချို့က ပြောပါတယ်။

“သတိထားသင့်တာကတော့ သတ်မှတ်မိုင်နှုန်းထက် ပိုမမောင်းဖို့ရယ်၊ နောက် ကိုယ်ပင်ပန်းနေလို့ အိပ်ငိုက်မယ်၊ ကိုယ့်ကိုကိုယ် ပင်ပန်းမယ်ဆိုလို့ရှိရင် ကားမောင်းသမား အပိုတယောက်ပါတယ်။ အပိုတယောက်နဲ့ ပြောင်းမောင်းပေါ့။ အဲဒါမှလည်း အန္တရာယ်ကင်းမှာလေ။ တချို့ကျတော့လည်း သောက်စားမူးယစ်ပြီးတော့ မောင်းတာလည်း ရှိတယ်။ အခါအားလျော်စွာထုတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာလို့ရှိရင် အန္တရာယ်ကင်းကင်းနဲ့ မောင်းနိုင်တာပေါ့။”

ယာဉ်မတော်တဆတိုက်မှုတွေ လျော့ကျသွားစေဖို့ နားနေစခန်းတွေ တိုးချဲ့တာနဲ့ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ယာဉ်တွေကို အရေးယူနေတာတွေလည်း လုပ်ဆောင် နေပါတယ်။
ဒီအမြန်လမ်းမကြီးကို နိုင်လွန်ကတ္တရာခင်းဖို့အတွက် သမ္မတရုံးကို တင်ပြထားပြီးတော့ ကုန်ကျစရိတ်များလွန်းတဲ့အတွက် နိုင်ငံတကာအကူအညီတွေကိုလည်း တောင်းခံထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013