ဧရာဝတီတိုင်းတွင် အတည်ပြုလူနာ ၁၇ ဦးထပ်တိုး၊ လူနာဦးရေ ၅၄၉ ဦးထိရှိလာ
DVB
·
October 15, 2020
ဧရာဝတီတိုင်းဒေသကြီးမှာ အောက်တိုဘာ ၁၅ ရက်နေ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦးထပ်တိုးခဲ့ပြီး အတည်ပြုလူနာဦးရေ ၅၄၉ ဦး ရှိလာပြီလို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာသစ် ၁၇ ဦးထဲမှာ အများဆုံးက လပွတ္တာခရိုင်အတွင်းက မော်လမြိုင်ကျွန်းမြို့နယ်ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က DVB ကိုပြောပါတယ်။
"ဒီနေ့ထိ တိုင်းအတွင်းမှာ ကူးစက်ခံရတာ ၅၄၉ ဦးရှိလာပြီ။ ဒီနေ့တွေ့တဲ့အထဲမှာတော့ မော်ကျွန်း မြို့နယ်က ၈ ဦးနဲ့အများဆုံးပါ။ အားလုံးက အသွားအလာကန့်သတ်ခံထားရတဲ့သူတွေမှာ တွေ့တာပါ။"
လူနာ ၁၇ ဦးတွေ့ရှိခဲ့တဲ့ မြို့နယ်တွေကတော့ မော်ကျွန်းမြို့နယ်မှာ ၈ ဦး၊ ညောင်တုန်းမှာ ၃ ဦးနဲ့ ကြံခင်း၊ ရေကြည်၊ မြောင်းမြ၊ ဖျာပုံ၊ မအူပင်၊ ဇလွန် စတဲ့မြို့နယ်တွေမှာ ၁ ဦး စီတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အများဆုံးတွေ့ရှိထားတဲ့ မြို့နယ်တွေကတော့
မအူပင်မြို့နယ်မှာ ၁၃၇ ဦး၊ ပုသိမ်မြို့နယ်မှာ ၁၃၄ ဦးနဲ့ ဖျာပုံမြို့နယ်မှာ ၇၁ ဦးစီနဲ့ အများဆုံး ကူးစက်ခံထားရတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က ပြောပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄၉ ဦးထိရှိလာတဲ့ ဧရာဝတီတိုင်းမှာ ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူ ၄၀၃ ဦးထိ ရှိပြီလို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)