Home
မြန်မာသတင်း
တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်မည့် ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်ရန် ကာချုပ်တိုက်တွန်း 
DVB
·
October 15, 2020
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မယ့် ကိုယ်စားလှယ်ကောင်းတွေရရှိအောင် ရွေးချယ်ကြဖို့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။  အောက်တိုဘာ ၁၅ ရက်နေ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့ သဝဏ်လွှာမှာ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကထည့်သွင်း ပြောသွားတာပါ။  “ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အသက်ပင်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ပါသည်။ ရွေးကောက်ပွဲတွင် ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မည့်၊ ဥပဒေကိုစိတ်ဝင်စားအလေးထားသည့် ကိုယ်စားလှယ်ကောင်းများရရှိရေးကို ဂရုတစိုက်စိစစ်ရွေးချယ်သွားရန် အသိပေးလိုပါသည်။ ရွေးချယ်မှုမှန်ကန်မှသာ တိုင်းရင်းသားများ လိုလားသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးတို့ကို ပြည့်ပြည့်ဝဝခံစား နိုင်မည်ဖြစ်ပါသည်။” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ နယ်ချဲ့တွေဟာ လွတ်လပ်ရေးမပေးရအောင် သွေးခွဲအုပ်ချုပ်မှုများပြုလုပ်ခဲ့သလို လွတ်လပ်ရေးပေးရမယ့်အခါမှာလည်း  ခွဲထွက်ရေးလှုပ်ရှားမှုတွေ၊ ဆူပူမှုတွေနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေဖြစ်စေဖို့  ဖန်တီးပေးထားခဲ့တယ်၊ မိမိတို့နိုင်ငံအတွင်း ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့်  အရောင်အသွေးစုံတဲ့ ရောင်စုံသောင်းကျန်းမှုကြီးပေါ်ပေါက်ခဲ့တာ နှစ် ၇၀ ကျော်ကြာမြင့်နေပြီး  အစိုးရအဆက်ဆက်က ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းခဲ့ကြပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။ NCA စာချုပ်ပါသဘောတူညီချက်တွေဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထက် ပိုမိုကျယ်ပြန့်ပြီး NCA ရဲ့အခြေခံမူတွေမှာ  လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းခြင်းမပြုဘဲနိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့်  နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ်ထူထောင်ပြီး တန်းတူရည်တူအခွင့်အရေးရရှိကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သဘောတူထားတာဖြစ်လို့  နိုင်ငံရေးလမ်းပြမြေပုံနဲ့အညီ  နိုင်ငံရေးဆွေးနွေးမှုရလဒ်တွေက တဆင့် တိုးတက်ဖြစ်ပေါ်လာတဲ့ လုပ်ငန်းစဉ်တွေလိုက် ဆောင်ရွက်သွား ရမယ်လို့ ဆိုပါတယ်။ ပင်လုံစာချုပ်ဟာ မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ စည်းလုံး ညီညွတ်မှုပိုမိုကျစ်လျစ်ခိုင်မာစေရေးအသိအမှတ်ပြုတဲ့ ပြယုဂ်ဖြစ်သကဲ့သို့ NCA ဟာလည်း နှစ်ကာလများစွာကဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေပပျောက်ရေး၊ ယုံမှားသံသယတွေ ပပျောက်ရေး စတဲ့ သမိုင်းတန်ဖိုးကိုဖော်ပြတဲ့ ပြယုဂ်လို့ သဘောထားအသိအမှတ်ပြုကာ NCA စာချုပ်အတိုင်း လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ကြရမယ်လို့ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ မိဘပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် တပ်မတော်အနေနဲ့ စွမ်းအား ရှိသလောက် ပြည်သူတွေနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့  ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ တပ်မတော်အနေနဲ့  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ စုစည်းညီညွတ်ခိုင်မာတဲ့ ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူလူထုနဲ့အတူလက်တွဲ တည်ဆောက်သွားမှာ ဖြစ်ပြီး အားလုံး ပူးပါဝင်ဆောင်ရွက်သွားဖို့လည်း  သဝဏ်လွှာမှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ( NCA) ကို  ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နောက်ထပ် ၂ ဖွဲ့နဲ့ ထပ်မံ လက်မှတ်ရေးထိုးခဲ့တာပါ။ ဓာတ်ပုံ- DSINFO
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024