DVB Logo
Home
မြန်မာသတင်း
ရေနွေးပူလောင်းခံရသည့် ကရင်မိန်းကလေး ခွဲစိတ်မှုအောင်မြင်
DVB
·
July 18, 2013
ရေနွေးပူလောင်းခံရသည့် ကရင်မိန်းကလေး ခွဲစိတ်မှုအောင်မြင်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်အတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူနဲ့ လောင်းလို့ ဒဏ်ရာအကြီးအကျယ်ရခဲ့တဲ့ ကရင်မိန်းကလေးကို ခွဲစိတ်ကုသမှု ပြီးစီးသွားပြီ ဖြစ်ပြီး ကျူးလွန်သူ တရားခံ ၂ ဦးကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ရေနွေးပူနဲ့ အလောင်းခံရလို့ တကိုယ်လုံးနီးပါး ဒဏ်ရာရပြီး ဘယ်ဘက်လက်နဲ့ ချိုင်းအောက်က အသားကပ်သွားကာ လှုပ်ရှားလို့မရအောင် ဖြစ်သွားတဲ့ ကရင်မိန်းကလေးငယ် နောင့်အဲကို ဘန်ကောက်  ရာမဓိပတိ  ဆေးရုံကြီးမှာ ပြီးခဲ့တဲ့လပိုင်းက ခွဲစိတ်ကုသပေးခဲ့တဲ့အတွက် အခြေအနေ ကောင်းမွန်လာပြီလို့ ကမ်ဖိုင်ဖစ်ခရိုင် မိသားစုကယ်ဆယ်စောင့်ရှောက်ရေးဂေဟာရဲ့ ညွှန်ကြားရေးမှူး ခွန်ထန၀ပ်ဆထစ်က  ပြောပါတယ်။

[caption id="attachment_41688" align="alignright" width="300" caption="ခွဲစိတ်မှု မခံယူသေးခင်က တွေ့ရသည့် နောင့်အဲ"][/caption]

“နောင့်အဲကို ၂ ခါ ၊ ၃ ခါ ခွဲစိတ်ပြီးသွားပါပြီ။ လက်မောင်းရော၊ လည်ပင်းရောနဲ့ ချိုင်းကြားရော အခုပုံမှန်ဖြစ်ပြီ။ လက်မောင်းလှုပ်လို့ ရသွားပြီ။ ရင်သားထိပ်က ဒဏ်ရာပဲ နည်းနည်း ခွဲဖို့ ကျန်တယ်။ အနာဟောင်းတွေ ကျက်အောင်စောင့်ရမယ်။ မတ် ၁၄ ရက်ကတည်းက ဆေးရုံတက်တာ ခုထိ မပြန်ရသေးဘူး။”

ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အရေပြားတွေ နဂိုအတိုင်း ပြန်ကောင်းဖို့ အချိန်ယူရမှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာမှာတော့ သူတို့ဆီလာတုန်းကလို ကြောက်ရွံ့မှုတွေ မရှိတော့ဘဲ ရွှင်ရွှင်လန်းလန်းနဲ့ စားနိုင်၊ အိပ်နိုင်ပြီး အခြေအနေတိုးတက်လာတယ်လို့ ဆိုပါတယ်။

သူမကို နှိပ်စက်ခဲ့တဲ့ ထိုင်းလင်မယား ၂ ဦးဖြစ်သူ နိုင်းနထိဒိုင်းအွန်နဲ့ နန်းဆောင်ရတ်တနကွန်းတို့ ၂ ဦးကတော့ အာမခံငွေ ၇ သိန်း အရှုံးခံပြီး ထွက်ပြေးနေတယ်လို့ ကမ်ဖိုင်ဖစ်ခရိုင်ရဲစခန်း အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုရဲမှူးကြီး ဆူဝစ်ချား နွန်းကျွမ်းက ပြောပါတယ်။

“သူတို့ကို လွန်ခဲ့တဲ့ ၃ ၊ ၄ လကတည်းက ဖမ်းမိန့်ထုတ်ထားတာပါ။ အခု လောနိုင်ငံဘက်ကို တိမ်းရှောင်သွားတယ်လို့ သတင်းရတယ်။ အဲဒီအတွက် နယ်စပ်လ၀ကရုံးတွေရော၊ အိမ်နီးချင်း  လောနိုင်ငံက တာဝန်ရှိသူတွေပါ အကြောင်းကြားထားပါတယ်။ တရားခံကို ဖမ်းမိဖို့အတွက် လူအင်အားရော၊ ကုန်ကျစရိတ်ရန်ပုံငွေတွေပါ ဖြည့်တင်းပြီး ကြိုးစားနေပါတယ်။ ဒီအမှုမှာ တစိတ်တပိုင်းပတ်သက်နေတဲ့ နန်းရတနကွန်းရဲ့ အမေလည်း  အာမခံအဆင့် ၃ နဲ့ ပြင်ပကနေ တရားရုံးမှာ လာပြီး အစစ်ခံနေပါတယ်။”

ထွက်ပြေးလွတ်မြောက်နေတဲ့သူတို့ ၂ ဦးကို ဖမ်းမိရင် ဆုငွေ ထိုင်းဘတ်ငွေ ၁ သိန်း ပေးမယ်လို့အမှတ် ၆ တိုင်းဒေသရဲဌာနချုပ်က  ကြေညာခဲ့ပြီး လက်အောက်ခံ  ရဲတပ်ဖွဲ့တွေကိုလည်း ပိုက်စိပ်တိုက်ရှာဖို့ အမိန့်ပေးခဲ့ပေမယ့် အခုထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ကနေ ထိုင်းနိုင်ငံ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ လာပြီး အလုပ်လုပ်နေတဲ့  ဦးအောင်နဲ့ ဒေါ်သိန်းတို့ရဲ့ တတိယမြောက်သမီးဖြစ်သူ  အသက် ၁၂ နှစ် ရွယ်ရှိ နောင့်အဲဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက  ထိုင်းလင်မယား ၂ ဦးရဲ့ ဖြားယောင်းသွေးဆောင်ခြင်း ခံခဲ့ရပြီး  အဲဒီအိမ်မှာ ကျွန်လို နှိပ်စက်ခိုင်းစေခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ကြောင်ပျောက်တာ လိုက်ရှာဖို့ အိမ်အပြင်ထွက်လာတဲ့သူ့ကို အိမ်နီးချင်းတွေက  အပူလောင်ဒဏ်ရာတွေနဲ့ တွေ့ပြီး လူမှုကယ်ဆယ်ရေးစခန်းကို ပို့ဆောင်လိုက်ရာက အဲဒီအမှုဟာ လူသိရှင်ကြား ဖြစ်ခဲ့တာပါ။

နှိပ်စက်ခံရသူ နောင့်အဲအတွက်  တရားမျှတမှုဖြစ်စေဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းနိုင်ငံထဲက ကရင်အဖွဲ့အစည်းနဲ့ အခြားလူမှုအဖွဲ့အစည်းကပါ ထိုင်းအစိုးရကို တောင်းဆို ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013