DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်လူသတ်မှု သံသယရှိသူများကို ဖမ်းဆီး
DVB
·
July 18, 2013
Donate to DVB

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးလိုက်တယ်လို့ သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့က အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောပါတယ်။

ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ သံတွဲမြို့ကို နေပြည်တော်ရဲတပ်ဖွဲ့က ရောက်လာပြီး ဖမ်းဆီးမှုကို သတင်းမပေါက်ကြားအောင် စီစဉ်ဖမ်းဆီးခဲ့တာဖြစ်ပြီး သံတွဲထောင်မှာ ချုပ်နှောင်ထားတယ်လို့ သူက ပြောပါတယ်။

“နေပြည်တော်က ဆင်းလာတဲ့ရဲက သံတွဲရဲကို အကူအညီတောင်းပြီးတော့ သံတွဲမှာရှိတဲ့ ရဲတွေရဲ့ဖုန်းတွေကိုပါ သိမ်းလိုက်တယ်။ ပြီးတော့ ကားပေါ်တက်ဆိုပြီးတော့ ပထမတော့ သူက မြောက်ဘက်ကို အယောင်ပြတာပေါ့။ သွားတာက တောင်ကုတ်သွားတာ။ မြောက်ဘက်က ကျောက်ကြီးဆိုတဲ့ရွာကို အယောင်ပြတာ။ ကျောက်ကြီးကိုဖုန်းဆက်တော့လည်း ဖုန်းတွေက ပိတ်ထားတယ်။ နောက် ၁၀ နာရီ ၄၀ မိနစ်မှာ ကျနော့်ဆီကို ဖုန်းဝင်လာတယ်။ ကား ၄ စီးဖြတ်သွားတယ်။ ရဲတွေလည်းပါသွားတယ်ပေါ့။ ဒီတော့ အခြေအနေတခုကို စောင့်ကြည့်ရမယ်ပေါ့။ သွားတာကိုတော့ သိတယ်။ အပြန်မှာ ၆ ယောက်ဖမ်းမိတယ်၊ ပြီးခဲ့နှစ် ဇွန် ၃ ရက်နေ့က သတ်တဲ့အမှုနဲ့ ၇ ဦး ဖမ်းဖို့ရာမှာ ၁ ဦးက လွတ်သွားတယ်တဲ့။ တောင်ကုတ်ကျတော့လည်း ရဲတွေကို လက်ကိုင်ဖုန်းတွေ သိမ်းပြီးတော့ ဘယ်အိမ်၊ ဘယ်သူဆိုတာကို သူတို့က စုံစမ်းပြီးသားဖြစ်နေတာ” လို့ ပြောပါတယ်။

သံတွဲမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ အထက်က စီစဉ်တာဖြစ်လို့ ပြောလို့ မရဘူးလို့ ဖြေပါတယ်။

သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးကတော့ ဒီကိစ္စကို သူတို့မသိပါဘူးလို့ ဖြေပါတယ်။ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေကို ဆက်သွယ်ရာမှာ သူ့ရဲ့ကိုယ်ရေးအရာရှိက သတင်းညှိနှိုင်း အစည်းအဝေးလုပ်နေလို့ မအားသေးဘူးလို့ ဖြေပါတယ်။

တောင်ကုတ်ဒေသခံတွေကို မေးမြန်းတဲ့အခါ ဒီကိစ္စကို ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကျမှ ကြားသိရပြီး နယ်မြေခံတပ်ကလူတွေတောင် မသိဘူးလို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ခြောက်ဦးကတော့ ဘူတာရပ်ကွက်က ကိုလေးမောင် ခေါ် ကိုထွန်းနိုင်၊ ကန်ပိုင်ရပ်ကွက်က ကိုမောင်ပု၊ မီးစက်ကွက်သစ် (၁)်ရပ်ကွက်က ကိုသိန်းရွေမောင်၊ ကန်ပိုင်ရပ်ကွက်က ဦးထွန်းကျော်၊ ကိုပေါက်စီ (ခေါ်) ကိုထွန်းမြင့် တို့ ဖြစ်တယ်လို့ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။

မနှစ် ဇွန် ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို အမည်မသိ လူအုပ်စုတစုက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

သံတွဲမြို့ကနေ ရန်ကုန်ကို သွားတဲ့ကားတစီးကို တောင်ကုတ်မြို့အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည်မသိ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မဖြစ်မီ မနက်ပိုင်းလောက်ကတည်းက ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတဦးရဲ့ပုံတွေ တောင်ကုတ်မြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအကြမ်းဖက်သတ်ဖြတ်မှုကြောင့် နောက်ပိုင်းမှာ ရခိုင်ပြည်နယ် နေရာအတော်များများမှာ နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013