Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်အဆင့် ကျဆင်းလာ 
ပိုင်စိုး
·
October 14, 2020
မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အဆင့်ဟာ မနှစ်ကထက် ထပ်ကျဆင်းသွားတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM)အဖွဲ့က ထုတ်ပြန်ပါတယ်။ ၂၀၁၉ ခုနှစ်က ရမှတ်အဆင့် ၁၀၀ မှာ အဆင့် ၃၆ ရခဲ့ပြီး အခု ၂၀၂၀ မှာတော့ အဆင့် ၃၁ ဖြစ်သွားတာပါ။  ရမှတ် ၀ ကနေ ၃၉ အထိကို အင်တာနက်ပေါ်မှာ "မလွတ်လပ်ပါ" လို့ ခွဲခြားသတ်မှတ်ထားဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အင်တာနက်ပေါ်က လွတ်လပ်ခွင့် ကျဆင်းလာတာဟာ  ကမ္ဘာမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ အခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ FEM ရဲ့ ဒါရိုက်တာ မယဉ်ရတနာသိန်းက "ဒီ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာက နိုင်ငံတွေ အများအပြားမှာ လုပ်ထားတဲ့ တနှစ်တာသုတေသနပေါ်မှာ အခြေခံထားတာဖြစ်ပြီးတော့၊  မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့် အဆင့်တွေခုန်ဆင်းသွားမှုမှာ ကမ္ဘာ့အဆိုးရွားဆုံး ဖြစ်ခဲ့တာကို တွေ့ရပါတယ်" လို့ ပြောပါတယ်။ တရုတ်နိုင်ငံဟာ အာရှမှာ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကတော့ အာရှရဲ့ အင်တာနက်လွတ်လပ်ခွင့် ကျဆင်းမှုတွေထဲမှာ အလှမ်းအကျယ်ဆုံးဖြစ်တယ်လို့ FEM က ထုတ်ပြန် ပြောဆိုထားပြီး နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီအခြေအနေကနေ တိုးတက်လာအောင် ပြုပြင်ပြောင်းလဲမယ့် အကြောင်း ကတိကဝတ်ပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ "အင်တာနက်ဖြတ်တောက်မှု၊ နှေးကွေးလှတဲ့  2G ကွန်ရက်ပဲ ရတာ၊  ဝက်ဘ်ဆိုက်စာမျက်နှာတွေ ပိတ်ဆို့လိုက်တာနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးအတွက် အကြမ်းမဖက်ဘဲ ဆန္ဒပြတဲ့သူတွေကို တရားစွဲဆိုတာတွေ အားလုံးပေါင်းလိုက်တော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဒစ်ဂျစ်တယ်ရပ်ဝန်း အဖိနှိပ်ဆုံး နိုင်ငံတွေထဲကတနိုင်ငံ ဖြစ်လာပါတယ်" လို့ မယဉ်ရတနာသိန်းက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်မှာ အင်တာနက်ဖြတ်တောက်တာနဲ့ ဝဘ်ဆိုက်တွေ ပိတ်ဆို့တာတွေကြောင့် တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အခုလို့ အဆင့်နိမ့်ကျသွားတာဖြစ်တယ်လို့လည်း FEM က ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024