အင်ဒိုနီးရှားတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ အစ္စလာမစ်အုပ်စုတွေနဲ့ ကျောင်းသားအုပ်စုတွေ ပါဝင်တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အောက်တိုဘာ ၁၃ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အငြင်းပွားဆဲ အလုပ်အကိုင်ဆိုင်ရာ ဥပဒေသစ်ကို ရှေ့တိုးဆောင်ရွက်မယ့်အရေး ဆန့်ကျင် ဆန္ဒပြရာက ခုလိုဖြစ်တာပါ။ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ရှေးရိုးစွဲအစ္စလာမစ်အုပ်စုတွေပါ ရောပါလာခဲ့ပြီး လူအုပ်ကို ဖြိုခွဲဖို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ ဥပဒေသစ်ဟာ အလုပ်သမားအခွင့်အရေးတွေနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတွေကို လှိုက်စားထားတယ်လို့ ဆန္ဒပြသူတွေကပြောပြီး ပြန်ရုပ်သိမ်းဖို့ အစိုးရအပေါ် ဖိအားပေးမှု တိုးလာနေပါတယ်။ ဆန့်ကျင်သူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးအစ္စလာမစ်အဖွဲ့အစည်း နာဒလာတူလ် အူလာမာလည်း ပါပါတယ်။ ဥပဒေသစ်ဟာ အင်ဒိုနီးရှား အလုပ်သမား လူတန်းစားရဲ့ အခွင့်အရေးတွေကို နင်းချေစော်ကားပြီး လုပ်ငန်းပေါင်းစုံလုပ်တဲ့ လုပ်ငန်းကြီးတွေကို မျက်နှာသာပေးထားတယ်လို့လည်း သူတို့က ပြောပါတယ်။ အရင်အပတ်ကလည်း ထောင်နဲ့ချီတဲ့လူတွေဟာ နေရာအသီးသီးမှာ နေရာယူပြီး ဥပဒေသစ်ကို ဆန့်ကျင်ရင်း လမ်းတွေကို ပိတ်ဆို့ထားခဲ့ကြပါတယ်။ ကားတာယာတွေကို မီးရှို့တာ၊ လုံခြုံရေးတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာတွေကြောင့် လူအယောက် ၆,၀၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ ကြိုးနီစနစ်ကို လျှော့ချပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ရည်မှန်းပုံစံထုတ်ထားတဲ့ ဥပဒေကို အတည်ပြု ကျင့်သုံးတာတော့ မလုပ်ရသေးပါဘူး။ ဒါပေမဲ့ ဥပဒေပါ အချက်အလက် တွေကတော့ မီဒီယာနဲ့ အွန်လိုင်းတွေပေါ်မှာ ပျံ့နှံ့နေပြီး ထင်ကြေးပေးတာတွေနဲ့ ထိတ်လန့်တကြား ဖြစ်မှု မရေမရာအခြေအနေ ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up