အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး တက္ကသိုလ်စိန်တင် အသည်းရောဂါဖြင့် ကွယ်လွန်
DVB
·
October 14, 2020
အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး တက္ကသိုလ်စိန်တင်ဟာ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
အတ္ထုပ္ပတ္တိစာပေတွေနဲ့ နာမည်ကြီးတဲ့ တက္ကသိုလ်စိန်တင်ဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၈၆ နှစ်အရွယ် ရှိနေပြီ ဖြစ်ပြီး စာရေးဆရာမ စိမ့်(ပညာရေး)ရဲ့ ခင်ပွန်းဖြစ်ပါတယ်။
တောင်ငူခရိုင်၊ ဖြူးမြို့ဇာတိ တက္ကသိုလ်စိန်တင်ဟာ အသက် ၁၁ နှစ်သား အရွယ် ၁၉၄၆ ခုနှစ်၊ မတ်လထုတ် သတင်းစုံဂျာနယ်မှာ ဖော်ပြခံရတဲ့ “ကြည်ညိုဖွယ်ကောင်းလို့ ခညောင်းတဲ့ ပူဇော် မန်းရွှေစက်တော်” ခရီးသွား ဆောင်းပါးဟာ သူ့ရဲ့ ပထမဆုံးပုံနှိပ် ဖော်ပြခံရတဲ့ စာမူ ဖြစ်ပါတယ်။
တက္ကသိုလ်စိန်တင်ဟာ စာရေးခဲ့တဲ့ သက်တမ်းတလျှောက် တက္ကသိုလ် မောင်လှမှူး၊ ဘုန်းကြီးကျောင်းသားသာဂိ၊ စိမ့်မောင်စတဲ့ ကလောင်နာမည်တွေကိုလည်း အသုံးပြုပြီး စာပေတွေ ရေးသားခဲ့ကာ မြစာပေတိုက်က ၁၉၆၆ ခုနှစ်မှာ ထုတ်ဝေတဲ့ “နှင်းမှုန်ကြားမှ တပ်နီတော်” ဘာသာပြန်ဝတ္ထုဟာ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်ကာ ၁၉၇၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်”စာအုပ်က တော့ ဒုတိယမြောက် လုံးချင်း စာအုပ် ဖြစ်ပါတယ်။
အတ္ထုပ္ပတ္တိ စာပေတွေကို ရသဟန်ကဲတဲ့ဝတ္ထုဟန်နဲ့ ရေးဖွဲ့ဖန်တီးလေ့ရှိတဲ့ တက္ကသိုလ် စိန်တင်ရဲ့ စာအုပ်တွေဟာ စာဖတ်ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး လုံးချင်းစာ အုပ်ပေါင်း ၄၀ ကျော် ရေးသားခဲ့ပါတယ်။
တက္ကသိုလ်စိန်တင်ရဲ့ စာအုပ်တွေထဲက ဟစ်တလာ၏ သစ္စာဧကရီ၊ ရဲဘော်သုံး ကျိပ်မော်ကွန်း၊ ငွေဓားဗိုလ်၊ နန်းကျဘုရင် သီပေါ၊ အကျဉ်းခံ သီပေါ၊ မင်းတုန်းမင်း၏ နောက်ဆုံးနေ့များ၊ ၁၉၇၃ အာရပ်အစ္စရေး သဲကန္တာရ စစ်ပွဲ၊ ဗိုလ်ကြီး အောင်ဆန်း သူရိယ တိုက်ချွန်း၊ ဧကရီ စုဘုရား၊ အိုဘယ့် အနော်ရထာ၊ ပုဂံမှာ ကျန်စစ်သား၊ ဆိုဗီယက် ယူနီယံ ပြိုကွဲခြင်း၊ ပုဂံ ရှာပုံတော်၊ ကရုဏာရှင် ဘွားဦးဇွန်း အတ္ထုပ္ပတ္တိ၊ သိပ္ပံမောင်ဝ (ဘဝနှင့် စာပေ)၊ နန်းမတော်မယ်နု ရှာပုံတော်၊ သခင်များနှင့် အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုကြီး(၁၉၃၀-၁၉၄၈)စတဲ့ စာအုပ်တွေက ထင်ရှားပါတယ်။
စာရေးခဲ့တဲ့ သက်တမ်းတလျှောက် တက္ကသိုလ်စိန်တင်ဟာ “ပခုက္ကူ ဦးအုန်းဖေ ဘဝခရီးနှင့် အောင်မြင်နည်း အတွေ့အကြုံများ”၊ “ကရုဏာရှင် ဘွားဦးဇွန်း အတ္ထုပ္ပတ္တိ” စာအုပ်တွေနဲ့ ၁၉၉၃ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အမျိုးသားစာပေ(စာပဒေသာဆု)တွေ ချီးမြှင့်ခံခဲ့ရပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် စာပေအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေက ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွေပေါ် ရေးသားမျှဝေနေကြတာ တွေ့ရပါတယ်။
ကာတွန်းဆရာကြီး ငွေကြည်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလို ရေးသားပြီး မျှဝေထားခဲ့တာပါ။
“စာရေးဆရာ သတင်းစာဆရာကြီး(တက္ကသိုလ် စိန်တင်)… အိုးဝေဂျာနယ်ခေတ်မှ ဒီနေ့ထိ နှစ်ပေါင်း ၅ဝ ကျော် ညီအစ်ကိုတွေလိုနေခဲ့ကြတဲ့ ဆရာတက္ကသိုလ်စိန်တင်။ အို ဘယ့်အနော်ရထာ၊ ဗမာ့လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်း၊ မြန်မာ့လွတ်လပ်ရေးခရီးနှင့် ဦးနု၊ မြန်မာ့နိုင်ငံရေးဇာတ်ခုံမှစောစံဖိုးသင်၊ အိုးဝေဦးညိုမြ၊ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့်၊ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း၊ ဒဂုန်တာရာဋီကာ၊ မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး၊ ပခုက္ကူ ဦးအုန်းဖေစတဲ့ စာအုပ်ကောင်းများစွာ ရေးသားခဲ့တဲ့ ဆရာတက္ကသိုလ်စိန်တင်။ လုပ်ဖော်ကိုင်ဖက် ကျနော်တို့ ကာတွန်းညီငယ်တွေအကြောင်း ဆောင်းပါးထဲ သတိတရ ထည့်ရေးလေ့ရှိတဲ့ ဆရာတက္ကသိုလ်စိန်တင်။ ၁၃.၁၀.၂၀၂၀ နေ့ ညနေ ၆ နာရီ အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားရှာပါပြီ။ ဝမ်းနည်း စိတ်မကောင်း ခြင်းများစွာနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ကောင်းရာသုဂတိရောက်ပါစေ”
စာပေလောကစာအုပ်တိုက်မှ ထုတ်ဝေသူ ကိုနေမျိုးညွန့်ကလည်း ဆရာ့ရဲ့ ဓာတ်ပုံ တပုံနဲ့အတူ “ဆရာ တက္ကသိုလ်စိန်တင် ကောင်းရာမွန်ရာမှာငြိမ်းအေးပါစေ။ ကုက္ကိုင်း ရေကူးအသင်း နှစ် ၁၀၀ ပြည့်မဂ္ဂဇင်း တာဝန်ယူ လုပ်စဉ်ကာလ ဆရာကူညီ ဝိုင်းဝန်း ပေးခဲ့တာကိုလည်း အမှတ်တရပါ ဆရာ”လို့ ရေးသားခဲ့တာကို တွေ့ရပါတယ်။