Home
ဆောင်းပါး
ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ
DVB
·
October 14, 2020
5f7c05c8152e4-705x467
စိတ်ကျရောဂါကို အသံတိတ်လူသတ်သမားလို့တောင် တင်စားကြတာ ကြားဖူးကြပါလိမ့်မယ်။ ဒါဆိုရင်တော့ စိတ်ရောဂါဟာ မိမိအသက်ရောဂါကိုတောင် ခြိမ်းခြောက်နိုင်တဲ့ရောဂါဖြစ်တယ်ဆိုတာ ခန့်မှန်းမိကြပါလိမ့်မယ်။ အမှန်တကယ်ကိုပဲ ကောင်းစွာမကုသ မထိန်းချူပ်နိုင်တဲ့ စိတ်ကျရောဂါရှိသူတွေအနေနဲ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ကျခြင်းနဲ့ နှလုံးရောဂါ

လေ့လာချက်များစွာအရ စိတ်ကျခြင်းဟာ နှလုံးရောဂါဖြစ်ခြင်းကို ဦးတည်ခြင်း၊ ရှိပြီးသားနှလုံးရောဂါကို ပိုဆိုးလာစေခြင်းနဲ့ နှလုံးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိူးတွေကနေ ပြန်လည်သက်သာစေဖို့ ခက်ခဲခြင်းတို့နဲ့ ဆက်စပ်လျက်ရှိနေပါတယ်။ စိတ်ကျရောဂါရှိသူတွေအနေနဲ့ နှလုံးထိခိုက်မှုဖြစ်ပေါ်ပြီးနောက် ပထမ(၆)လမှာ သေဆုံးနိုင်ချေကို ၂၀ရာနှုန်းနီးပါးမြင့်တက်စေနိုင်ပါတယ်။ စိတ်ကျရောဂါရှိခြင်းအပြင် ကျန်းမာရေးနှင့်ညီညွတ်အောင် မစားသောက်ခြင်း၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းတို့ရှိနေပါက နှလုံးရောဂါဖြစ်ဖို့အလားအလာပိုများစေပါလိမ့်မယ်။

(၂) စိတ်ကျခြင်းနဲ့ ဆီးချိုရောဂါ

စိတ်ကျခြင်းကြောင့် Type 2 Diabetesဖြစ်နှုန်းကို တက်စေနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူ၊ ဝဖြိုးသူတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် မစားသောက်သူတွေမှာပေါ့။ စစ်တမ်းများအရ ဆီးချိုရောဂါရှိသူတွေရဲ့ ၂၀ရာနှုန်းလောက်ဟာ စိတ်ကျရောဂါရှိနေကြောင်း သိရှိရပါတယ်။ ကောင်းစွာမကုသဘူးဆိုရင်တော့ စိတ်ကျရောဂါနဲ့ ဆီးချိုရောဂါတွဲဖက်ခြင်းဟာ ကြောက်စရာနောက်ဆက်တွဲတွေကို ဖိတ်ခေါ်နေသလိုပါပဲ။

(၃) စိတ်ကျခြင်းနဲ့ အဝလွန်ခြင်း

စိတ်ကျနေသူတွေဟာ အဝလွန်ခြင်းဖြစ်ဖို့ ပိုမိုအခွင့်အလမ်းများပါတယ်။ အလားတူပဲ အဝလွန်နေသူများဟာလည်း စိတ်ကျရောဂါရရှိဖို့ အလားအလာများလှပါတယ်။ဒါဟာဘာလို့လဲဆိုရင်တော့ စိတ်ကျနေသူများအဖို့ အစားအလွန်အကြူးစားလိုကြပြီး လေ့ကျင့်ခန်းလည်းလုပ်လိုစိတ်မရှိကြလို့ပါပဲ။

(၄) စိတ်ကျခြင်းနဲ့ ဦးနှောက်စွမ်းရည်ကျခြင်း

နာတာရှည်စိတ်ကျရောဂါရှိနေခြင်းဟာ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါသေးတယ်။ ဒါဟာ သက်ကြီးရွယ်အိုတွေမှာ ပိုမှန်ကန်နိုင်ပါတယ်။ စိတ်ကျရောဂါရှိသူ သက်ကြီးရွယ်အိုတွေရဲ့ ဦးနှောက်ကို scanဖတ်တဲ့အခါမှာ စိတ်ကျရောဂါမရှိတဲ့ အခြားသက်တူရွယ်တူတွေရဲ့ ဦးနှောက်ထက်စာရင် အချို့သောနေရာတွေမှာ ကျုံ့နေတာကို တွေ့ရပါတယ်။ စိတ်ကျရောဂါကို ငယ်စဉ်မှာ မကုသခဲ့ဖူးဆိုရင်တော့ အသက်ကြီးလာတဲ့အခါ အယ်ဇိုင်းမားရောဂါဖြစ်ဖို့လည်း အလားအလာများစေပါတယ်။

(၅) စိတ်ကျခြင်းနဲ့ ကင်ဆာ

ကင်ဆာခံစားနေရသူများရဲ့ ၂၅ရာနှုန်းလောက်မှာ စိတ်ကျရောဂါရှိနေတတ်ပါတယ်။ လေ့လာချက်များစွာအရ စိတ်ကျခြင်းဟာ ကိုယ်ခံအားကိုကျစေတတ်ပြီး ကင်ဆာရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ လေ့လာချက်တစ်ခုအရ ရင်သားကင်ဆာရှိသော အမျိူးသမီးများအနေနဲ့ စိတ်ကျရောဂါရှိနေပါက စောစီးစွာသေဆုံးနိုင်သလို ကင်ဆာပျောက်ပြီးရင်တောင်မှာ တစ်ကျော့ပြန်ဖြစ်နိုင်ချေ မြင့်တက်စေပါတယ်။

(၆) စိတ်ကျခြင်းနဲ့ မိမိကိုယ်ကိုသတ်သေခြင်း

စိတ်ကျရောဂါကို ကောင်းစွာမကုသပါက မိမိကိုယ်ကိုသတ်သေခြင်းကို အကြီးမားဆုံးအန္တရာယ်အနေနှင့် ရင်ဆိုင်ရပါလိမ့်မယ်။ ဒါဟာ ဆေးလိပ်နဲ့ အရက်စွဲနေသူတွေမှာ ပိုမိုအဖြစ်များပါတယ်။ မိမိကိုယ်ကိုသတ်သေခြင်းဖြစ်စဉ်တွေရဲ့ သုံးပုံနှစ်ပုံဟာ စိတ်ကျရောဂါကြောင့်ပဲဖြစ်ပြီး သင့်အနေနှင့် ကိုယ့်ကိုယ်ကိုသတ်သေလိုစိတ်များ ပြင်းပြနေပါက စိတ်ရောဂါအထူးကုနှင့်ပြသတိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မိမိကိုယ်ကို သတ်သေချင်သူတွေမှာရှိတဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ ယခင်နှစ်ခြိုက်သောအရာများကို မကြိုက်တော့ခြင်း၊ ရုတ်တရက် ရွင်မြူးနေခြင်းနဲ့ သေခြင်းက အရာရာကိုလွတ်မြောက်စေကြောင်းပြောဆိုနေခြင်းတို့ဖြစ်ပါတယ်။ သင့်အနေနှင့် စိတ်ကျခြင်းလက္ခဏာတွေကို ၂ပတ်ထက်ပိုခံစားနေရပြီဆိုရင်တော့ ရင်းနှီးသူများကို ရင်ဖွင့်ခြင်း၊ စိတ်ရောဂါအထူးကုနဲ့ တိုင်ပင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ရေးသားသူ – Dr Rose   ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024