DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းလယ်မြေဧက ၁၈၀၀၀ ကျော် ပြန်ပေးမယ်ဟု ကာကွယ်ရေးဝန်ကြီး ပြော
DVB
·
July 17, 2013
Donate to DVB

စစ်တပ်က သိမ်းထားတဲ့ လယ်ဧကပေါင်း ၃ သိန်းလောက်ရှိတဲ့ထဲက ဧက ၁၈၀၀၀ ကျော်ကို ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးက ဇူလိုင် ၁၆ ရက် ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။

လွှတ်တော်လယ်မြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ရောက်လာတဲ့ စစ်တပ်သိမ်း လယ်မြေ ကိစ္စ တိုင်စာပေါင်း ၆၀၀ ကျော်အနက် တိုင်စာပေါင်း ၄၀၀ ကျော်ကို စစ်ဆေးပြီးဖြစ်ပြီး အဲဒီထဲက ဧကပေါင်း ၁၈၀၀၀ ကျော်ကို ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒုတိယ ဗိုလ် ချုပ်ကြီးဝေလွင်က လွှတ်တော်မှာ လာပြောသွားတာလို့ ကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောပါတယ်။

“ကျနော်တို့ဆီကနေပြီးတော့ သူတို့ဆီ ပို့ထားတာက ၆၆၅ စောင်ရှိပြီး ဧကအားဖြစ် ၂၉၇၁၂၇ သူတို့  ၆၆၅ စောင်မှာ သူတို့ မနေ့ကအထိ စစ်ပြီးတာ စစ်တိုင်း ၁၀ တိုင်းပဲ စစ်ရသေးတယ်။ စစ်တိုင်း ၄ တိုင်းကျန်သေးတယ်။ လောလောဆယ် လွတ်လွတ်လပ်လပ် ပြန်ပေးလိုက်တာကတော့ စစ်တိုင်း ၁၀ တိုင်းမှာ  ၁၈၃၆၄.၄၉ ဧကပါ။”

အဆောက်အဦတွေ ဆောက်ထားပြီးဖြစ်လို့ ပြန်ပေးမရတော့တဲ့ လယ်မြေဧက ၅၀၀၀၀ ကျော်ကိုတော့ ဥပဒေနဲ့အညီ လုပ်ဆောင်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်ကသိမ်းထားတယ်လို့ တိုင်ထားပေမယ့် တပ်နဲ့မဆိုင်ဘဲ  စီမံကိန်းအတွက် သိမ်းထားတာတွေ၊ လူပုဂ္ဂိုလ်တဦးတယောက်ချင်းက သိမ်းထားတဲ့ လယ်မြေတွေ၊ မြေပြင်မှာ ရှာမတွေ့တဲ့ လယ်မြေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆောက်အဦ ဆောက်တဲ့ထဲ မပါတဲ့ လယ်မြေဧက ၁၅၀၀၀ ကျော်ကို တောင်သူတွေ လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်ပြုထားကြောင်း၊ တပ်နဲ့မဆိုင်တဲ့ တပ်ပြင်ပ လယ်မြေဧက ၂၅၀၀၀ ကျော်ကိုလည်း လယ်သမားတွေ အမှန်တကယ် စိုက်ပျိုးနေတာမှန်ရင် ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး စစ်တပ်က အခုလို ကိန်းဂဏန်းတွေနဲ့ လာရှင်းပြသွားပေမယ့် အစိုးရဌာနဆိုင်ရာက သိမ်းထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်လို့ကတော့ အမြန်ဆုံး ပြန်ပေးနိုင်အောင် ဆောင်ရွက်နေတဲ့အကြောင်းပဲ လွှတ်တော်ထဲ လာရှင်းပြခဲ့တာပါ။

စစ်တပ်သိမ်း လယ်မြေတွေ ပြန်ပေးမယ်ဆိုတဲ့အပေါ် ကြိုဆိုလိုက်ပေမယ့် စောင့်ကြည့်ဖို့တော့ လိုမယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“တခုလုံးကို ခြုံပြီးကြည့်ရင်တော့ အားရစရာကောင်းပါတယ်။ တကယ်တမ်း လက်တွေ့လုပ်ဆောင်တဲ့အခါမှာ လယ်သမားတွေ တကယ်ပဲ ရကြသလား။ အပေါ်က ညွှန်ကြားတဲ့အတိုင်း အောက်က လိုက်နာသလား။ နောက်ပြီးတော့ သူတို့ရဲ့ စီမံချက်တွေ အတွက်ဆိုပြီးတော့ သက်ဆိုင်တဲ့မြေတွေကိုလည်း ပြန်ပြီးတော့ လက်မလွှတ်ချင်တဲ့သဘောနဲ့ အောက်မှာ လုပ်နေသလား။ တောင်သူလယ်သမားတွေ ရနိုင်မရနိုင် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တခုလုံးကို ကာကွယ်ရေး ၀န်ကြီး ခြုံပြီးတော့ ပြောသွားတဲ့ဟာကို ကျနော်တို့ အပြုသဘောနဲ့ ကြိုဆိုပါတယ်"

ပြည်ထောင်စုလွှတ်တော်က လယ်မြေသိမ်းဆည်းထားတဲ့ ကိစ္စရပ်တွေ အဆောတလျင်ဖြေရှင်းပေးဖို့ အဆိုကို အတည်ပြုဆုံးဖြတ်ပြီးဖြစ်တာကြောင့် သိမ်းထားတဲ့ လယ်မြေတွေ လယ်သမားထံ ပြန်ပေးဖို့ အစိုးရ အဖွဲ့ကပဲ ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013