မင်းလှမြို့နယ်၌ အန်အယ်လ်ဒီပါတီ ထောက်ခံသူများ လှည့်လည်အင်အားပြ
DVB
·
October 14, 2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် မနက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကို ဝန်းရံထောက်ခံသူတွေ လှည့်လည်အင်အားပြကြပါတယ်။
မင်းလှမြို့တွင်းကနေ စတင်ထွက်ခွာလာပြီး အုတ်ဖို့မြို့နယ်၊ အိုးသည်ကုန်းမြို့ထိ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ အင်အားပြ လှည့်လည်ခဲ့တာလို့ လှည်လည့်ရာမှာ လိုက်ပါတဲ့ ဦးကျော်ကြီးက ပြောပါတယ်။
အခုလိုလှည့်လည်ဝန်းရံတဲ့အပေါ် မင်းလှမြို့နယ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ပဲခူးတိုင်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံမှုနဲ့အတူ အစ်ကိုတို့မင်းလှမှာလည်း ကိုဗစ် ရောဂါ ပိုမိုဖြစ်ပွားလာလို့ မိမိအိမ်မှာပဲ Stay at Home နေပြီး၊ NLD ပါတီကို ထောက်ခံအားပေးဝန်းရံရင်း နေအိမ်မှာပဲ အန်အယ်လ်ဒီပါတီအလံလေးတွေ ထောင်ပြီး ဝန်းရံအားပေးဖို့ အွန်လိုင်းပေါ်မှာရော မင်းလှမြို့မှာရော ဗီနိုင်းတွေနဲ့ မေတ္တာရပ်ခံထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေတဲ့ကာလ လူ ၃၀ ထက်ပိုပြီး လူစုလူဝေးမလုပ်ဖို့နဲ့ မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ထက်မပိုစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မင်းလှမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေပိုမိုများလာတာကြောင့် ခုချိန်မှာ ပါတီတွေ ဝန်းရံထောက်ခံအားပေးတာအပါအဝင် ဘာကိစ္စနဲ့မှ လူစုလူဝေးမလုပ်သင့်ကြောင်း၊ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျလိုက်နာဖို့လိုကြောင်း မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
မင်းလှမြို့နယ်မှာ အန်အယ်လ်ဒီပါတီဝန်းရံသူတွေက ခုလိုလှည့်လည်ဝန်းရံအားပေးတာ ၄ ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။
မင်းလှမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစတဲ့ ပါတီ ၅ ခု ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦး၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦးနဲ့ ကရင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ ညနေအထိ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ ဦးထိရှိလာပြီလို့ သိရပါတယ်။
သတင်း - သက်နိုင်ဝင်း(CJ)