DVB Logo
Home
မြန်မာသတင်း
ယာယီနိုင်ငံကူးလက်မှတ် သတ်မှတ်ရက်အမီလုပ်ရန် မြန်မာသံရုံး တိုက်တွန်း
DVB
·
July 17, 2013
ယာယီနိုင်ငံကူးလက်မှတ် သတ်မှတ်ရက်အမီလုပ်ရန် မြန်မာသံရုံး တိုက်တွန်း
Donate to DVB

နိုင်ငံသားစိစစ်ရေးနဲ့ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးနေမှု သတ်မှတ်ရက် ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အချိန်မီသွားလုပ်ကြဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် တနေရာတည်းအပြီးစနစ်နဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနေပြီး ဩဂုတ် ၁၁ ရက်နေ့မှာ စခန်းပိတ်တော့မှာ ဖြစ်တဲ့အတွက် အချိန်မီသွားလုပ်ဖို့  ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ဒီဗွီဘီကနေတဆင့် တိုက်တွန်းလိုက်ပါတယ်။

ဒီအစီအစဉ်ထဲမှာ အလုပ်သမားတွေရဲ့ မှီခိုသူ အသက် ၁၅ နှစ်အောက် ကလေးတွေလည်း အပါအ၀င်ဖြစ်ပြီး  ဒီအသုတ်ထဲ မပါဝင်တဲ့  ကလေးတွေကိုပါ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တောင်းဆို ညှိနှိုင်းပေးခဲ့တယ်လို့ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ပြောပါတယ်။

“အမြန်လာတင်ပါ။ ဘာလို့လဲဆိုတော့ ဩဂုတ် ၁၂ ရက်နေ့ဆို စခန်းတွေက ပိတ်တော့မယ်ဆိုတော့ အဲဒီမတိုင်ခင်မှာ ကျနော် မြန်မြန်ကလေး လုပ်လိုက်ချင်တယ်။ ကျနော် အန်ဂျီအိုတွေ တော်တော်များများ ဒီကျောင်းတွေ တော်တော်များများက အဖွဲ့တွေကိုလည်း  ကျနော် တောင်းထားတယ်။  တချို့လည်း လာပို့တယ်၊ ကဏန်းကတော့ ရာဂဏန်းပဲ ရှိသေးတယ်။ ကျနော်ထင်တာ ကလေးတွေကတော့ ထောင်ဂဏန်း သောင်းဂဏန်းလောက်တော့ ရှိမယ်နဲ့တူတယ်၊ အများကြီး ကျန်နေသေးတယ်။”

ထိုင်းဝန်ကြီးများအဖွဲ့ရဲ့ ၂၀၁၃ ဇန်န၀ါရီ ၁၅ ရက်နေ့ နေ့စွဲပါ ခွင့်ပြုချက်အရ ထိုင်းနိုင်ငံတွင်း ရောက်ရှိနေတဲ့ တရားမ၀င်အလုပ်သမားနဲ့တကွ မှီခိုသူကလေးတွေပါ ယာယီနိုင်ငံကူး လက်မှတ်လုပ်ခွင့်ပြုထားပေမယ့်လည်း  ယခင်က ထောရော ၃၈ / ၁ နေထိုင်ခွင့်ပုံစံရှိ အလုပ်သမား သားသမီးတွေ မပါဝင်ခဲ့ပါဘူး။

ဒါကြောင့်  သူတို့တွေကိုပါ လုပ်ပေးဖို့ မြန်မာသံရုံးက ၀င်ရောက်ညှိနှိုင်းပေးတဲ့အတွက်  စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာ  ပြီးခဲ့တဲ့ မေလကစပြီး လုပ်ဆောင်ပေးခဲ့ကြောင်း၊ တခြားဒေသမှာ ရှိတဲ့ ကလေးတွေကိုလည်း နီးစပ်ရာစင်တာမှာ သွားလုပ်ဖို့ တိုက်တွန်းကြောင်း၊ တာဝန်ရှိသူတွေနဲ့ အဆင်မပြေရင် မြန်မာသံရုံးကို ဆက်သွယ်နိုင်ကြောင်း ဦးနိုင်ထွန်းက ပြောပါတယ်။

အလုပ်သမားတွေ နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဗဟိုဌာနတွေကို ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ပရာကန်၊ စမွတ်စခွန်၊ ဆူရတ်ဌာနီ၊ ဆုန်ခလာ၊ ပထုမ်ဌာနီ၊ လယောင်း၊ ရနောင်း၊ ကန်ချနဘူရီ၊ ခွန်ကဲင်၊ ချင်းမိုင်၊ ချင်းရိုင်နဲ့ တာ့ခ်စတဲ့ ခရိုင် ၁၂ ခုမှာ ဖွင့်လှစ်ပြီး တနေရာတည်းအပြီးစနစ်နဲ့ ၀န်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

၂၀၁၃ မေလကုန်ထိ စာရင်းချုပ်အရ နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ လျှောက်ထားသူ မြန်မာနိုင်ငံသား စုစုပေါင်း ၃၅၃၈၄၁ ဦးရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားဦးစီးဌာန ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ ထိုင်း နိုင်ငံထဲမှာ မြန်မာပြည်က  အလုပ်သမားပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
အလုပ်သမားအားလုံး နိုင်ငံသားစိစစ်ရေးမလုပ်နိုင်တာနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ် သမားများကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော် က ခုလိုပြောပါတယ်။

“အခက်အခဲဆိုတဲ့အပိုင်းမှာ နံပါတ် ၁ က အလုပ်သမားတွေ ကိုယ်တိုင်က ၀န်ဆောင်မှု ကုမ္ပဏီတွေ မရှိတာက တပိုင်း။ နံပါတ် ၂ က သူတို့မှာ ထိုင်းအစိုးရက ကြေညာထားသလို အလုပ်ရှင် မရှိသေးတာ တပိုင်းပေါ့။ သူရဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတယ်၊ သို့သော် သူ့မှာ အလုပ်သမားမှတ်ပုံတင် မရှိသေးဘူးဆိုရင် အလုပ်ရှင်က အလုပ်သမားဦးစီးဌာနကို လျှောက်ရမယ်။ တချို့အလုပ်သမားတွေက အလုပ်ခွင်မှာ အလုပ်ရှင် မရှိသေးတဲ့ အပိုင်းလည်းရှိတယ်၊ နောက် သူတို့ မရေရာတဲ့ ဘ၀မှာ ဒီအလုပ်သမား မှတ်ပုံတင်ကြေး မစုဆောင်းနိုင်တာလည်း ရှိတယ်။  အဲဒါကြောင့် သူတို့ မလုပ်နိုင်ကြသေးတာ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013