အန်အယ်လ်ဒီမဲဆွယ်ယာဉ်တန်း တပ်ကုန်းမြို့နယ်၌ လောက်လေးခွဖြင့်ပစ်ခံရ
DVB
·
October 13, 2020
နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို မဲဆွယ်ဖို့ သွားတဲ့ အန်အယ်လ်ဒီယာဉ်တန်း လောက်လေးခွနဲ့ အပစ်ခံရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ဇနီးဖြစ်သူအနည်းငယ် ထိခိုက်ဒဏ်ရာရသွားပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်တင့် ခေါင်းဆောင်တဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ တပ်ကုန်းမြို့နယ်အတွင်းက ကျောက်စလစ်ကုန်းကျေးရွာကို ဒီနေ့ အောက်တိုဘာ ၁၃ ရက်က မဲဆွယ်စည်းရုံးရေးဆင်းဖို့ အသွား မကျီးပင်ကျေးရွာအုပ်စုကို အဖြတ်မှာ ဒေသခံတချို့က လမ်းကို ပေးမဝင်ခဲ့ရာကနေ ပြဿနာ စခဲ့တာလို့ ဆိုပါတယ်။
တပ်ကုန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်တင့်က “ လမ်းထိပ်ရောက်တဲ့အချိန်မှာ ပိတ်ဆို့ထားတဲ့အထဲက လူတစ်ယောက်က ထွက်လာပါတယ်။ ဒီလမ်းကို ဝင်ခွင့်မပေးနိုင်ဘူးတဲ့။ ဒီလမ်းကို ခင်ဗျားတို့ ဝင်လို့လည်းမရဘူးတဲ့။ ဘယ်သူမှ ဝင်လို့မရဘူး။ အဲ့ဒီမှာ ကျနော်သူတို့ကိုမေးတယ်။ ဒီလမ်းကို ဝင်ခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ ဒါက အများသူ ငှာသွားလို့ရတဲ့လမ်း။ ခင်ဗျားက တာဝန်ရှိတဲ့သူလားလို့ မေးတော့ မဟုတ်ပါဘူးတဲ့။ ရောဂါအန္တရာယ်ကြောင့် ဝင်ခွင့်မပေးတာပါလို့ ပြောတယ်” လို့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
ဦးကျော်တင့်နဲ့ ဒေသခံ တချို့ စကားအချေအတင်ဖြစ်နေကြစဉ်မှာ မျက်နှာချင်းဆိုင်ဘက်ကနေ လောက်လေးခွနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အောင်နိုင်ရေးလမ်းကြောင်းမှာ လိုက်ပါလာတဲ့ ဦးကျော်တင့်ရဲ့ ဇနီး ဒေါ်စန်းစန်းဦးရဲ့ လည်ပင်းကို ထိခိုက်မိခဲ့တာပါ။
လောက်စာလုံးထိမှန်ခံရသူ ဒေါ်စန်းစန်းဦးက “သူဆင်းသွားတော့ လိုက်ဆင်းသွားလိုက်တာပေါ့နော်။ ကိုယ်ကလည်းစိတ်မချလို့။ ကိုယ့်အနားနားမှာရှိတဲ့ နှစ်ဦး သုံးဦးလောက်နဲ့ ပြောလိုက်။ သူ့ကြည့်လိုက်နဲ့ အဲ့လိုလုပ်ရင်းကနေ ခဏနေကျတော့ ကိုယ့်ကိုလာပြီးတော့ မှန်လိုက်တဲ့အချိန်မှာ ခဲနဲ့တော့ ထုနေပြီထင်တယ်လို့။ ငါ့လည်ပင်းလာ မှန်တယ်ပေါ့။” လို့ ပြောပါတယ်။
ဦးကျော်တင့်တို့ရဲ့ အန်အယ်လ်ဒီပါတီ မဲဆွယ်စည်းရုံးရေးလမ်းကြောင်းကို တားဆီးသူတွေထဲမှာ ကြံ့ခိုင်ရေးပါတီဝတ်ဆင်ထားသူ တစ်ဦးလည်းပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ကြံ့ခိုင်ရေးပါတီရဲ့ ဥတ္တရခရိုင် ဥက္ကဋ္ဌ ဦးငွေနှင်းမောင်ကတော့ “ ကျနော်က အခုချိတ်ဆက်တုန်းမို့ အတိအကျတော့ မဖြေနိုင်သေးဘူးဗျ။ ဆက်ပြီးမေးရဦးမယ် ” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကာယကံရှင် ဦးကျော်တင့်ကတော့ တပ်ကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
တပ်ကုန်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်နေရာအတွက် အန်အယ်လ်ဒီပါတီက ဦးကျော်တင့်နဲ့ ကြံ့ခိုင်ရေးပါတီကဦးကျော်ကျော်လတ်တို့ အဓိကယှဉ်ပြိုင်ဖို့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ အန်အယ်လ်ဒီက ဦးကျော်တင့် အနိုင်ရရှိခဲ့ပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)