ကိုဗစ်-၁၉ လူနာ၂၉ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁,၁၂၃ ဦး ထပ်တိုးလာ
DVB
·
October 13, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၁၂၃ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၉ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၉ ယောက်ထဲမှာ ၂၆ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၂ ရက် ည ၈ နာရီမှ ၁၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃,၂၅၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၁၂၃ ယောက်တွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၀,၄၃၇ ယောက် ၊ သေဆုံးသူ ၆၉၃ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁,၇၆၉ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။