နွမ်းပါးပြည်သူများကို We Love Yangon အဖွဲ့က စားသောက်ကုန် ကျပ် သိန်း ၃၀၀၀ ဖိုး လှူမည်

658
We Love Yangon အဖွဲ့က နွမ်းပါးပြည်သူတွေအတွက် ငွေကျပ်သိန်း ၃၀၀၀ ဖိုး စားသောက်ကုန်တွေကို မကြာခင်မှာ လှူဒါန်းသွားဖို့ ရှိနေပါတယ်။
ရန်ကုန်အခြေစိုက် လူထုအခြေပြုပရဟိတအဖွဲ့တဖွဲ့ဖြစ်တဲ့ We Love Yangon အဖွဲ့ဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ စားဝတ်နေရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ နွမ်းပါးပြည်သူတွေအတွက် တတ်အားသရွေ့ ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ခုတခါမှာတော့ We Love Yangon မျှဝေခြင်း အစီအစဉ်အနေနဲ့ တအိမ်ထောင်ကို ကျပ် ၂၀,၀၀၀ တန်ဖိုးရှိတဲ့ စားသောက်ကုန် Package ၁၅,၀၀၀ ကျော်ကို အလှူရှင်တွေကိုယ်စား အမြန်ဆုံးလှူဒါန်းသွားဖို့ ရှိနေတယ်လို့ အဖွဲ့ထဲမှာ ပါဝင်လုပ်ဆောင်နေတဲ့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။
We Love Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး မျှဝေထားခဲ့ကာ အလှူရှင်တွေ အသီးသီးရဲ့ အလှူငွေမှတ်တမ်းတွေကိုလည်း အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ We Love Yangon အဖွဲ့မှာတော့ ရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင် ဒေါ်သန်းမြင့်အောင်နဲ့ တခြားအီးစီအဖွဲ့ဝင်တွေ ဦးဆောင် လှုပ်ရှားနေကြတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ကာလတွင်းမှာတော့ ရန်ကုန်မြို့တွင်း ရောဂါကူးစက်ပျံ့နှံ့မှု လျှော့ချနိုင်ဖို့ လူစုလူဝေးရှောင်ကြဉ်ကြဖို့ စားသောက်ကုန်တွေ အိမ်တိုင်ရာရောက် ရောင်းချပေးတာတွေ၊ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ၊ လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ ရော ဂါကူးစက်ခံရသူဦးရေ ၂၉,၃၁၄ ယောက်၊ သေဆုံးသူ ၆၆၄ ယောက်နဲ့ အာဆီယံနိုင်ငံတွေ ထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။