DVB Logo
Home
မြန်မာသတင်း
သယံဇာတထုတ်လုပ်မှုကဏ္ဍတွင် ဥပဒေများ ပြုပြင်ရန် တိုက်တွန်း
DVB
·
July 17, 2013
သယံဇာတထုတ်လုပ်မှုကဏ္ဍတွင် ဥပဒေများ ပြုပြင်ရန် တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံအတွင်း သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းမှာ လူ့အခွင့်အရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ၀င်ငွေခွဲဝေသုံးစွဲမှုနဲ့ သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍတွေရဲ့ ဥပဒေပိုင်း အားနည်းချက်တွေ ပြုပြင်ဖို့ ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှု အဖွဲ့ရဲ့အစီရင်ခံစာမှာ တိုက်တွန်းတာဖြစ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတရပ် မပေါ်ပေါက်ခင်ကာလမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ရပ်ဆိုင်းထားသင့်တယ်လို့ အကြံပြုတင်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မှာ မီဒီယာတွေကို ဖိတ်ကြားရှင်းလင်းခဲ့ပြီး အဖွဲ့တာဝန်ခံ ဦးဝင်းအောင်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဓိကကဏ္ဍတွေဖြစ်တဲ့ စွမ်းအင်ကဏ္ဍတွေ၊ သဘာဝသယံဇာတကဏ္ဍတွေမှာ ဆက်စပ်ပြီးတော့ ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နောက်တခုက ပွင့်လင်းမြင်သာမှု မရှိတဲ့အပိုင်းတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေဆိုတာက အများကြီး ဆက်တိုက်ဖြစ်ပေါ်နေတုန်းပဲရှိသေးတယ်။ အဲဒီဟာတွေကို ဥပဒေပိုင်းဆိုင်ရာဖြစ်ဖြစ်၊ နိုင်ငံရေးပိုင်းဆိုင်ရာဖြစ်ဖြစ် အာမခံချက်ပေးနိုင်တဲ့ အနေအထားတခုအထိကို ရောက်မှပဲ ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေက လုပ်သင့်တယ်လို့ ကျနော်တို့ တိုက်တွန်းထားတာပါ” လို့ ပြောပါတယ်။

ရွှေဂက်စ်နဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေ ပြီးစီးလုချိန်မှာ ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာထဲမှာ တည်ဆဲတရားဥပဒေမူဘောင်တွေရဲ့  အားနည်းချက်တွေနဲ့ အကန့်အသတ်တွေကို ဖော်ပြထားပြီး လျော်ကန်သင့်မြတ်တဲ့ ဥပဒေမူဘောင်တရပ် ပေါ်ထွန်းလာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

သဘာဝသယံဇာတတွေကို တိုင်းပြည်အကျိုးအတွက်သာသုံးစွဲသင့်ပြီး လူတစု၊ တဖွဲ့က အကျိုးရှိတာမျိုး မဖြစ်သင့်ဘူးလို့ ကိုဝင်းအောင်က ပြောပါတယ်။

သယံဇာတထုတ်လုပ်ရေးမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်စေဖို့ အစိုးရကို အကြံပြုတင်ပြချက်တွေကို ဦးဝင်းအောင်က ခုလို အကျဉ်းချုပ်ရှင်းပြပါတယ်။

“နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေအနေနဲ့လည်း သူတို့လိုက်နာရမယ့် အကောင်းဆုံး စံချိန်စံညွှန်းတွေအတိုင်း ဒီမိုကရေစီကျကျ ဒေသခံတွေရဲ့ ပါဝင်ပတ်သက်ဆုံးဖြတ်ပိုင်ခွင့်တွေကို ရယူဖို့ လိုတယ်။ တဆက်တည်းမှာပဲ ပွင့်လင်းလာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်းစုံလည်း အများကြီးတိုးတက်လာတယ်လို့ ပြောရမှာပေါ့နော်။ ဒီထက်ပိုပြီး လက်တွဲလုပ်ဆောင်နိုင်မှသာ ဒီထက်ပိုပြီးကောင်းမွန်တဲ့အစိုးရစနစ်ကို လက်ဝယ်ခံစားနိုင်လို့ ပြောဆိုထားပါတယ်။”

အခွန်ဘဏ္ဍာစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၃ ခုနှစ် မေလထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ သယံဇာတအုပ်ချုပ်မှုဟာ ကမ္ဘာပေါ်မှာ အညံ့ဆုံးဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013