နှစ် ၂၀ အတွင်း ရာသီဥတုကပ်ဘေးဒဏ်ကို အာရှတိုက်က အဆိုးဆုံးခံနေရဟု ကုလသမဂ္ဂ ပြော

ပြီးခဲ့တဲ့အနှစ် ၂၀ အတွင်း ကမ္ဘာတဝန်းက လူတွေနဲ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေတဲ့ အစွန်းရောက် မိုးလေဝသအခြေအနေတွေ တဖြည်းဖြည်း ပိုတိုးလာပြီး နောက်ထပ် ပိုတိုးမယ့် လမ်းကြောင်းပေါ်မှာလည်း ရှိနေပါတယ်။ ဒီဒဏ်ကို အာရှတိုက်က အဆိုးဆုံးခံနေရတယ်လို့ ကုလသမဂ္ဂက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်ကြားမှာ တရုတ်က ကပ်ဘေး ၅၇၇ ကြိမ်နဲ့ ပထမ၊ အမေရိကန်က ၄၆၇ ကြိမ်နဲ့ ဒုတိယ လိုက်နေပါတယ်။ အိန္ဒိယက ၃၂၁ ကြိမ်၊ ဖိလစ်ပိုင်က ၃၀၄ ကြိမ်နဲ့ အင်ဒိုနီးရှားက ၂၇၈ ကြိမ် အသီးသီး ကပ်ဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂက နိုင်ငံတကာ ကပ်ဘေးလျှော့ချရေးနေ့မတိုင်ခင် တရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုပါတယ်။ ကပ်ဘေးအသင့်ဆုံး ဆယ်နိုင်ငံထဲမှာ ၈ နိုင်ငံက အာရှဒေသကပါ။  အနှစ်၂၀ အတွင်း ကမ္ဘာမှာ အကြီးစား ကပ်ဘေး ၇၃၄၈ ကြိမ် မှတ်တမ်းတင်ခဲ့ပြီး လူ ၁ ဒသမ ၂၃ သန်း သေဆုံးခဲ့ပါတယ်။  လူ ၄ ဒသမ ၂ ဘီလီယံ ကပ်ဘေးသင့်ခဲ့ပြီး စီးပွားရေးဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၇ ထရီလီယံရှိခဲ့ပါတယ်။ အကြီးစား ရေဘေးလည်း ၂ ဆ ပိုများခဲ့ပါတယ်။ ရာသီဥတု အရေးပေါ်အခြေအနေ ပိုတိုးလာတဲ့ဒဏ်ကို ပိုများလာတဲ့လူတွေ ခံစားနေရတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ကပ်ဘေးလျှော့ချရေးအတွက် အထူးသံတမန် မာမိမိဇုတိုရိက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကနဦး သတိပေးစနစ်တပ်ဆင်ရေးနဲ့ ကပ်ဘေးလျော့ကျရေးဗျူဟာတွေ ထားရှိရေးမှာ အစိုးရတွေက ရင်းနှီးမြှုပ်နှံဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ တခြား သဘာဝကပ်ဘေးတွေထက်စာရင် ပထဝီရူပဖြစ်စဉ်တွေ ဖြစ်တဲ့ ငလျင် ဆူနာမီနဲ့ မီးတောင်ပေါက်ကွဲမှုတွေကြောင့် လူပိုသေဆုံးတာကို အစီရင်ခံစာက သုံးသပ် ဖော်ပြထားပါတယ်။ လူ ၂ သိန်းခွဲကျော် သေဆုံးခဲ့တဲ့ ၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ဆူနာမီကတော့ လူအသေအပျောက် အများဆုံး ကပ်ဘေး ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up