DVB Logo
Home
မြန်မာသတင်း
အာဇာနည်ခေါင်းဆောင်များ ကျဆုံးချိန် မြန်မာ့အသံက ဥဩမဆွဲဘဲ ထုတ်လွှင့်မှု ခေတ္တရပ်မည်
DVB
·
July 17, 2013
အာဇာနည်ခေါင်းဆောင်များ ကျဆုံးချိန် မြန်မာ့အသံက ဥဩမဆွဲဘဲ ထုတ်လွှင့်မှု ခေတ္တရပ်မည်
Donate to DVB

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မနက် ၁၀ နာရီ ၃၇မိနစ်အချိန်မှာ မြန်မာ့အသံက ဥဩဆွဲဖို့ အစီအစဉ်မရှိဘဲ အာဇာနည်ကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့ အစီအစဉ်ထုတ်လွှင့်မှုကို ခေတ္တရပ်ထားမယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူး ဦးဇေယျာက ပြောပါတယ်။

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေး ပြု ဂါရ၀ အစီအစဉ်ထုတ်လွှင့်ဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ထားတဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ပြောတာပါ။

“ကျနော်တို့ အယ်ဒီတာတွေ တိုင်ပင်ထားတာကတော့ ဒီအချိန်မှာ ကျနော်တို့ သီချင်းရယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန် ကောက်နုတ်ချက်လေးတွေပေါ့။ ဇူလိုင် ၁၃ ရက်နေ့မှာ မြို့တော်ခန်းမမှာပြောတဲ့ မိန့်ခွန်း အဲဒီမိန့်ခွန်း ကောက်နုတ်ချက်လေးတွေနဲ့ တွဲပြီးတော့ ပရိုဂရမ်တွေ တခုလုပ်ထားပါတယ်။ အဲဒီ အစီအစဉ်လေးကို ကျနော်တို့ လွှင့်မှာ။ အစီအစဉ်ရဲ့ အဆုံးမှာတော့ အာဇာနည်များ ကျဆုံးတဲ့ အချိန်ကျလို့ရှိရင် ကျနော်တို့က ဒါကို ခေတ္တ ထုတ်လွှင့်မှု ရပ်ဆိုင်းပြီးတော့ ဂုဏ်ပြုတဲ့ အနေနဲ့ ခဏငြိမ်တဲ့ အစီအစဉ်လေးတွေပေါ့၊ အဲဒါမျိုးလေး လုပ်ထားပါတယ်။ ဥဩဆွဲတာမျိုးတော့ မလုပ်ဖို့တော့ မဟုတ်ပါဘူး။ သို့သော်လည်း အဲဒီအချိန်မှာ ကျနော်တို့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးနေတဲ့အချိန်ဖြစ်ပါတယ်။ အားလုံးခဏ ငြိမ်သက်မှာပဲဟာမျိုးတော့ ဒီကနေ ကြေညာပြီးတော့ လုပ်သွားမယ်။”

အာဇာနည်နေ့ အခမ်းအနားကျင်းပပုံကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ အစိုးရက ကြေညာထားပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဈာပနအ ခမ်းအနားမှတ်တမ်းတို့ကို ထုတ်လွှင့်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
အာဇာနည်နေ့မှာ ဗိုလ်ချုပ်မိန့်ခွန်း ပြန်ထုတ်လွှင့်ပေးတာဟာလည်း နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံး ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကတော့ အာဇာနည်နေ့မှာ ရန်ကုန်မြို့က မြို့နယ် ၃၀ နဲ့ နယ်မြို့နယ်တချို့မှာ အာဇာနည်ကြီးများကျဆုံးချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩဆွဲတဲ့ လှုပ်ရှားမှုပြုလုပ်သွားမယ်လို့ တကသကျောင်းသား ကိုစည်သူမောင်က ပြောပါတယ်။

“မြို့နယ်ပေါင်း ၃၀ မှာတော့ သက်ဆိုင်ရာ သက်ဆိုင်ရာမြို့နယ်မှာ ရပ်ကွက်လူမှုအဖွဲ့အစည်းတွေ ရှိမယ်၊ တက်ကြွလှုပ်ရှားသူတွေရှိမယ်။ သူတို့တွေဆီမှာ ကျနော်တို့ ကြိုတင်ပြီးတော့ စီဒီခွေတွေ ပေးထားတယ်။ အဲဒီ စီဒီခွေတွေမှာ ၀မ်းနည်းဥဩသံပါမယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ တေးသီးချင်တွေပါမယ်။ ၀မ်းနည်းဥဩသံကတော့ ၁ မိနစ် တိတိ ငြိမ်သက်တဲ့ ဥဩသံပါမယ်။ ၁ မိနစ် ငြိမ်သက်တဲ့အခါ ကျနော်တို့ ကျောင်းသားတွေက နေရာပေါင်း ၃၀ ကျော်မှာ တနေရာကို ကျောင်းသား ၁၅ ယောက်လောက်စီ ကျနော်တို့ ကျောင်းသားတွေက ဦးဆောင်ပြီးတော့ အလေးပြု တိုင်ပေးမယ်။ ကျနော်တို့ရဲ့ သမဂ္ဂရဲ့ ဒေါင်းအလံ အနက်ကိုလည်း သုံးပြီးတော့ လုပ်သွားမယ်ပေါ့။”

ရန်ကုန်နဲ့ မြို့နယ်တချို့မှာ အာဇာနည်နေ့ အခမ်းအနားကျင်းပခွင့် လျှောက်ထားမှုတွေကို သက်ဆိုင်ရာရဲစခန်းတွေက လက်မခံ ပယ်ချထားတာတွေလည်း ရှိနေပါတယ်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကတော့ အခုနှစ် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပသွားမယ်လို့ ပြောပါတယ်။

အာဇာနည်ကြီးများ ကျဆုံးချိန်မှာ မြန်မာ့အသံက ဥဩဆွဲဖို့ကိစ္စကို သက်ဆိုင်ရာက အစီအစဉ်မရှိဘူးလို့ ၂ ကြိမ်တိုင် ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်။

တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ နိုင်ငံလွတ်​မြောက်​ရေး​ကို ​ဆောင်ရွက်ရင်း​ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်​နေ့​မှာ မသမာသူ လူတစုရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့​ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013