အခက်အခဲစိန်ခေါ်မှုတွေကြားက ရာစုနှစ်တစ်ခု ဖြတ်ကျော်တော့မည့် မြန်မာ့ရုပ်ရှင် (ဓာတ်ပုံ) 

၁၉၂၀ ပြည့်နှစ်ကနေ စတင်ခဲ့တဲ့မြန်မာရုပ်ရှင်ဟာ ခေတ်စနစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီး မြန်မာပြည်သူတွေကို ဖျော်ဖြေမှုပေးလာခဲ့တာဟာ အခုနှစ်ဆိုရင် နှစ်ပေါင်း ၁၀၀ တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ဟာ ခေတ်ဦးကာလက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့အထိ အဆင့်မှီ ခဲ့ပြီး မြန်မာ့ရုပ်ရှင် ပွဲဦးထွက်လှခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ  ဦးအေးကြူလေးကတော့ "မြန်မာ့ရုပ်ရှင်ဟာ ငွေရတုခေတ်တည်းက တော်တော်များများ နိုင်ငံတကာကို ထိုးဖောက်တာ တွေရှိပါတယ်။ ပထမဦးဆုံး အသံထွက် ကားဆိုရင် အိန္ဒိယမှာ သွားရိုက်တယ်။ ခုသာခက်နေတာ။ နောက်ပြီးတော့ ဂျပန်ရင်သွေးဆိုရင် ၁၉၃၀ ကျော် ပေါ့။ အဲ့အချိန်မှာ ဂျပန့်ရင်သွေးကို ဂျပန်မှာသွားရိုက်တယ်။ နိုင်ငံတကာမှာသွား ပြီးရိုက်ကူးတဲ့ အခြေအနေ ရောက်တယ်။ ဆုထူးပန်ကားကို ဥရောပမှာသွားပြီး ပြသခဲ့တဲ့အထိဖြစ်ခဲ့တယ်" လို့ ပြန်ပြောင်းပြောပြပါတယ်။ မြန်မာရုပ်ရှင်ဟာ ၁၉၄၅ ကနေ ၁၉၇၀ လောက်အထိ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းကာလမှာတော့  မြန်မာပြည်ရဲ့ နိုင်ငံရေးအခြအနေ၊ စီးပွားရေးအခြေအနေတွေ ဘက်ပေါင်းစုံက ကျဆင်းလာသလို မြန်မာ့ရုပ်ရှင် လောကဟာလည်း တဖြည်းဖြည်း နိမ့်ဆင်းလာ တယ်လို့ ဆိုကြပါတယ်။ ရုပ်ရှင်ရုံတွေကို အစိုးရက ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်း ရုပ်ရှင်ရုံတွေဟာလည်း ပျက်စီးယိုယွင်းလာခဲ့ပါတယ်။ "အစက ရုံ ၃၀၀ လောက်ရှိတယ်။ ပြည်သူပိုင်သိမ်းလိုက်ပြီးနောက်ပိုင်း ရုပ်ရှင်က ထိုးကျ သွားတယ်။  ပုဂ္ဂလိက က အပြိုင်အဆိုင်ရှိတယ်။ ပြည်သူပိုင်သိမ်း‌တော့ အစိုးရဝန်ထမ်းတွေနဲ့ လုပ်တော့ ရုံထဲမှာ ကြွက်တွေပြေးနေတဲ့အထိရှိလာတယ်။ နောက်ပိုင်းမှာသာ လောကသားတွေ ထဲမှာ ရုံဆောက်တဲ့သူ ဆောက်ကြလုပ်ကြကိုင်ကြရတယ်။"လို့ ဦးအေးကြူလေးက ပြောပါတယ်။ နိုင်ငံတချို့မှာ ရုပ်ရှင်ကိုစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်ကြပြီး နိုင်ငံတော်က ကူညီပံပိုးပေးတာရှိပါတယ်။ မြန်မာ့ရုပ်ရှင်ကတော့ အစိုးရရဲ့ထောက်ပံ့မှု ကောင်းကောင်းရရှိခြင်း မရှိဘဲ ရုပ်ရှင်လောကသားတွေနဲ့သာ  လုပ်ကိုင်ကြရပါတယ်။  "နိုင်ငံကလည်း ကူညီပေးဖို့လိုတယ်။ ဥပမာဆေးရုံလိုပေါ့။ ကျနော်တို့က‌ ဆေးရုံဆိုရင် ညာရိုက်တာများတယ်။ အဲ့လိုမျိုးတွေပေါ့အများကြီးပဲ။ ရုပ်ရှင်ရဲ့စီးပွားရေးကို နိုင်ငံရဲ့ စီးပွားရေး အနေနဲ့ လုပ်ဆောင်ရင်တော့ အဆင်ပြေသွားမှာပေါ့"လို့ ရုပ်ရှင်လောကသားတစ်ဦးက မှတ်ချက်ပြုပါတယ်။ မြန်မာ့ရုပ်ရှင်ကို ပရိတ်သတ်က အားမပေးတော့လောက်အောင်ဖြစ်ခဲ့ပြီး "ပေါကားများရပ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်ရှင်ပြောင်းလဲဖို့တောင်းဆိုတဲ့  ကမ်ပိန်း ပုံစံမျိုးတွေ ပြုလုပ်တာမျိုးတွေလည်း ရှိခဲ့ပါသည်။ အဲ့လိုမျိုး‌တွေရှိလာခြင်း‌ကြောင့် မြန်မာ့ရုပ်ရှင်ဟာ အခုနှစ်အနည်းငယ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ရာမှာ  ပရိတ်သတ်လက်ခံမှုတွေ ပြန်လည်ရရှိလာခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးလုပ်ငန်းနဲ့ အသက်မွေးကြောင်းတဲ့ လူငယ်တစ်ဦးက "ပရိတ်သတ်က လက်မခံတာပေါ့။ ဥပမာဇာတ်ညွှန်းတွေ ဒါတွေချည်းပဲ ဖန်တရာတေနေပြီ။ မကြည့်ချင်တော့ဘူး။ အဲ့တော့ လူထုက campaign တွေလုပ်လာတယ်။ လုပ်လာတော့ ရိုက်ကူးသူတွေက ဇာတ်ညွှန်းတွေကို ရိုက်ချက်တွေကို စစ်ပြီးလုပ်လာကြတယ်။ ကောင်းလာတာပေါ့။ ကောင်းတော့ ပရိတ်သတ်တွေလည်း ပြန်အားပေးကြတာ” လို့ ပြောပါတယ်။ ခုလို နှစ်တစ်ရာပြည့်တဲ့အချိန်မှာလည်း  မြန်မာ့ရုပ်ရှင်ဟာ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလနဲ့ ကြုံတွေ့နေရလို့ ရုပ်ရှင်ရုံတွေပိတ်ထားရသလို ရိုက်ကူးရေးမှာလည်း အခက်အခဲတွေရှိနေတာကြောင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ အလူးအလဲခံစားနေရချိန်ဖြစ်ပြီး ရုပ်ရှင်လောကသားတွေဟာလည်း  ရုန်းကန်နေရတဲ့ အချိန်ဖြစ်ပါတယ်။ မြန်မာရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  ပြည်တွင်းမှာရုပ်ရှင်ရုံတွေ ဖြည့်တင်းဖို့၊ အစိုးရထံက အကူအညီတွေရရှိဖို့၊ ပညာရပ်ပိုင်းဆိုင်ရာတွေဖြည့်တင်းဖို့စတဲ့ စိန်ခေါ်မှာတွေ အများကြီးရှိနေပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက်ကတော့ မြန်မာ့ ရုပ်ရှင်လောကသား တွေ အနေနဲ့ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Photo - Ye Myo Khant / MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up