မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၇ ဦး ထပ်မံတွေ့ရှိ
DVB
·
October 13, 2020
မကွေးတိုင်းဒေသကြီးမှာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) ရဲ့ စစ်ဆေးချက်အရ မြို့သစ်မြို့နယ်မှာ ၁၈ ဦး၊ သရက်မြို့နယ်က ၆ ဦး၊ ဆင်ပေါင်ဝဲမြို့နယ်က ၅ ဦး၊ ချောက်မြို့နယ်က ၂ ဦး၊ မကွေးမြို့နယ်က ၁ ဦး၊ ရေနံချောင်မြို့နယ်က ၁ ဦး၊ အောင်လံမြို့နယ်က ၁ ဦးနဲ့ စလင်းမြို့နယ်က ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
"အဲဒီ အတည်ပြုလူနာတွေဟာ သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွေမှာ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပြီးတော့ သူတို့နဲ့ထိတွေ့ခဲ့တဲ့သူတွေကိုလည်း ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးမယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် Test Kits တွေနဲ့ အမြန်စစ်ဆေးချက်အရ မင်းဘူးမြို့ကားကွင်းမှာ ယာဉ်နောက်လိုက် ၁ ဦးနဲ့ စလင်းမြို့နယ်က ၁ ဦးတို့မှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
"မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာအရေတွက် တနေ့ထက်တနေ့ ပိုမိုများပြာလာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်မထွက်ဖို့၊ မကြာခဏလက်ဆေးဖို့၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အထူးဂရုပြု လိုက်နာဖို့တိုက်တွန်းလိုတယ်"လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ အောက်တိုဘာလ ၁၂ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက် ၂၁၆ ဦးထိရှိလာပြီးတော့ ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံဆင်းခွင့် ရရှိသူ ၆၉ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း - မင်းထီး