မိတ္ထီလာသီးကုန်းဂိတ်၌ ရန်ကုန်ပြန် ၂၅ ဦးကိုတင်ဆောင်လာသည့် ယာဉ်မောင်း ၃ ဦး အရေးယူခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ သီးကုန်းအမြန်လမ်းမကြီးဂိတ်မှာ အောက်တိုဘာ ၁၂ ရက်က ရန်ကုန်ပြန် ခရီးသည် ၂၅ ဦးကို အံစာတုံးကား ၃ စီးနဲ့ သယ်ဆောင်လာတဲ့  ယာဉ်မောင်း ၃ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနဲ့  အမှုဖွင့်ထားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက သိရပါတယ်။ သံလျင်မြို့နယ်မှာ နေထိုင်တဲ့ ကောင်းဇော်ထွန်း(၃၀နှစ်)၊ လွတ်လပ်မောင်(၂၇နှစ်)၊ ဝေယံအောင် (၂၆နှစ်)တို့ ယာဉ်မောင်း ၃ ဦးဟာ ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ထောက်ခံစာမပါရှိဘဲ PPE ဝတ်စုံတွေ ဝတ်ဆင်ပြီး ခရီးသည် ၂၅ ဦးကို တင်ဆောင် မောင်းနှင်လာတာပါ။ မိတ္ထီလာမြို့မရဲစခန်းတာဝန်ကျ ရဲဝန်ထမ်း ၁ ဦးက "သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။ အခုတော့ မိတ္ထီလာဆေးရုံ သီးသန့်ဆောင်မှာ ကွာရန်တင်း ထားထားတယ်"လို့ ပြောပါတယ်။ အံစာတုံးကား ၃ စီးနဲ့  လိုက်ပါလာတဲ့ ခရီးသည် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၀ ဦးတို့ဟာ ရန်ကုန်ကနေ ဒီပဲယင်းမြို့နယ်ကို  ပြန်လာသူတွေဖြစ်တယ်လို့ သီကုန်းအမြန်လမ်းမကြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင် မီးသတ်ဦးစီး ဦးရဲလင်းကျော်က ပြောပါတယ်။ ခရီးသည် ၂၅ ဦးကိုတော့ ဒီပဲယင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ ကောင်းဇော်ထွန်းအပါအဝင်  ယာဉ်မောင်း  ၃ ဦးကိုတော့ မိတ္ထီလာမြို့မရဲစခန်းမှာ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃ နှစ်အထိကျနိုင်တဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း  ဓာတ်ပုံ-အမြန်လမ်းမီးသတ်/ယာဉ်ထိန်းတပ်ဖွဲ့

More News
Up