DVB Logo
Home
အာရှဒေသ
အိန္ဒိယက ကြေးနန်းကို စွန့်ပစ်တော့မည်
DVB
·
July 17, 2013
အိန္ဒိယက ကြေးနန်းကို စွန့်ပစ်တော့မည်
Donate to DVB

နယူးဒေလီက ဗဟိုကြေးနန်းရုံးမှာတော့  အသက် ၂၅ နှစ်ရှိပြီ ဖြစ်တဲ့ ပရာနီတာ ဗီးယားက ကြေးနန်းတစောင်ပေးပို့ဖို့ တန်းစီနေကြတဲ့သူတွေထဲမှာ မတ်တပ်ရပ် စောင့်နေပါတယ်။ အဲဒီ ကြေးနန်းဟာ သူအဘိုးအဘွားတွေဆီကို လိပ်မူထားတဲ့ ပထမဆုံးကြေးနန်းစာ ဖြစ်တယ်လို့ ပရာနီတာက ပြောပါတယ်။

“အဲဒါဟာ ကျမဘ၀သက်တမ်းမှာ တကြိမ်ပဲ ရှိမယ့် အတွေ့အကြုံပါ။ ဘာလို့ဆိုတော့ တချိန်ချိန်မှာ ကျမက တယောက်ယောက်ဆီကို ကြေးနန်းပို့ချင်တဲ့အခါ ကျမ ပို့လို့ရတော့မှာ မဟုတ်လို့ပါ။ ဒီကြေးနန်းက ကျမ အဘိုးအဘွားတွေဆီ ပို့ဖို့ပါ။ အဲဒါဟာ သူတို့အတွက် နောက်ဆုံးကြေးနန်းစာ ဖြစ်ပါလိမ့်မယ်။ ခေတ်တခေတ်ရဲ့ နောက်ဆုံးလိုမျိုးပေါ့ရှင်။”

ပရာနီတာလိုပဲ အိန္ဒိယနိုင်ငံတ၀န်းလုံးက လူငယ်အတော်များများဟာလည်း လုပ်ငန်းမရပ်ဆိုင်းခင်မှာ ကြေးနန်းစာတစောင်ပေးပို့ဖို့ အချိန်ပေးနေကြပါတယ်။ အစိုးရက ဇူလိုင် ၁၅ ရက်နေ့ကစပြီး ကြေးနန်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။

ဒီလုပ်ငန်းဟာ စီးပွားရေးအရ အလားအလာ မရှိတော့ပါဘူးလို့ ကြေးနန်းလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ရှာမင်းအတ်တာက ပြောပါတယ်။

“ပြည်သူလူထုမှာ ဒီနေ့ ရွေးချယ်စရာတွေ အများကြီးရှိနေပြီလေ။ တယ်လီဖုန်း၊ မိုဘိုင်းလ်၊ အီးမေးလ်နဲ့ အက်စ်အမ်အက်စ်တွေက အများကြီးမြန်ဆန်သလို စိတ်လည်းချရတယ်ဗျာ။ ဒီလိုရွေးချယ်စရာတွေ များပြားလှတော့ ကြေးနန်းလုပ်ငန်းကို သုံးဖို့ အခုအချိန်မှာ စိတ်ဝင်စားတဲ့ လူဆိုလို့ မရှိသလောက် ဖြစ်နေပါပြီ။ ဒီလုပ်ငန်းကို ဆက်လုပ်ဖို့က ကုန်ကျစရိတ်ကလည်း သိပ်ကြီးပါတယ်။ ကျနော်တို့ အဲဒီအတွက် ၁ နှစ်ကို ဒေါ်လာ ၂၃ သန်းနီးပါး အရှုံးခံနေရပါတယ်။”

ကြေးနန်းလုပ်ငန်းကို ဟင်ဒီလို “တား” လို့ လူတွေသိကြပြီး အိန္ဒိယနိုင်ငံကို ၁၉ ရာစု အလယ်ပိုင်းမှာ ဗြိတိသျှတွေက စတင် အသုံးပြုစေခဲ့တာ ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းဟာ အိန္ဒိယနိုင်ငံကို ဗြိတိသျှရဲ့ထိန်းချုပ်မှုတည်ဆောက်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။

၁၈၅၇ ခုနှစ်မှာ “ပထမ လွတ်လပ်ရေးလှုပ်ရှားမှု” လို့ သိကြတဲ့ လူထုအုံကြွမှုကြီးဟာလည်း ကြေးနန်းစာတစောင်နဲ့ ဆက်နွှယ်နေခဲ့ပါတယ်။  ဒါပေမယ့် အမြန်ဆုံးနဲ့ အစစ်မှန်ဆုံး ဆက်သွယ်ရေးနည်းနာတခုအဖြစ် အိန္ဒိယနိုင်ငံရဲ့ လူမှုဘ၀မှာ ကြေးနန်းဟာ အရေးပါတဲ့ အစိတ်အပိုင်းတရပ် ဖြစ်ခဲ့ပါတယ်။

ကြေးနန်းဟာ နာမည်ပျက်ခဲ့တဲ့ စာပို့လုပ်ငန်းရဲ့ ကြန့်ကြာမှုတွေကို ရှောင်ရှားဖို့နဲ့ အရေးပေါ်သတင်းစကားတွေကို ပေးပို့ဖို့ အသုံးဝင်တဲ့ ရွေးချယ်စရာတခု ဖြစ်ခဲ့ပါတယ်။
၁၉၇၀နဲ့ ၁၉၈၀ ခုနှစ်တွေအတွင်းက ဘော်လီဝုဒ်ရုပ်ရှင်ကား အတော်များများမှာ အိန္ဒိယရဲ့ နေ့စဉ် လူမှုဘ၀မှာ ကြေးနန်းရဲ့ အရေးပါပုံကို ထည့်သွင်း ရိုက်ကူးသွားခဲ့ကြပါတယ်။ ဒါပေမယ့် ကြေးနန်းကတော့ သတင်းကောင်းတွေကို သယ်ဆောင်လာပေးခဲ့ပါတယ်လို့ ဖွံ့ဖြိုးဆဲ လူ့အဖွဲ့ အစည်း လေ့လာမှုအတွက် နယူးဒေလီအခြေစိုက် ဗဟိုဌာနရဲ့ အဖွဲ့ဝင် ရာဗီခန်က ပြောပါတယ်။

“ကြေးနန်းတစောင်ရောက်လာတာကိုက ကြောက်စရာပါ။ ဘာလို့လဲဆိုတော့ အများအားဖြင့် လူတွေက အဲဒါကို ၀မ်းနည်းစရာ ဒါမှမဟုတ် ဘေးသင့်မှုတခုခုကို တွေ့ကြုံရလို့ တခြားသူတွေကို အသိပေးဖို့ကျမှ သုံးလေ့ရှိကြတော့ စာပို့သမားက ကြေးနန်းကို ပေးပို့လာတဲ့အချိန်မှာ မိသားစုတခုလုံး၊ တခါတလေ အိမ်နီးနားချင်းတွေတောင် စိုးရိမ်ကြောင့်ကြမှုနဲ့ ၀ိုင်းလာတတ်ကြတယ် မဟုတ်လား။ ဘာလို့လဲဆိုတော့ အဆိုးတခုခုတော့ ဖြစ်ပြီလို့ လူတိုင်းက သိထားကြတာကိုးဗျ။”

အစိုးရကတော့ အဲဒီလုပ်ငန်းကို ပိတ်ပစ်လိုက်တဲ့အတွက် သက်ဆိုင်ရာဌာနက ၀န်ထမ်းတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ကြေညာချက်က ကြေးနန်းဌာန ၀န်ထမ်း ရာဂူးဗီးယားဆင်း အပါအ၀င် လူတွေ အတော်များများရဲ့ လွမ်းဆွတ်သတိရမှုကို ပင့်ပေးသလို ဖြစ်သွားခဲ့ပါတယ်။

ရာဂူးဗီးယားဆင်းနဲ့ တခြားလူအတော်များများကတော့ လုပ်ငန်းကို ရပ်ဆိုင်းမပစ်လိုက်ဖို့ ၀န်ကြီးချုပ်ကို  တိုက်တွန်းတဲ့ သူတို့ရဲ့ နောက်ဆုံးကြေးနန်းစာကို ပေးပို့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“ပြည်သူလူထုက သတင်းစကားတွေ ပေးပို့ဖို့ မိုဘိုင်းလ်ဖုန်းတွေနဲ့ အီးမေးလ်တွေကို သုံးတာကို ပိုနှစ်သက်ကြပေမယ့် လူတိုင်းမှာတော့ အဲဒီပစ္စည်းတွေ မရှိကြဘူးဗျ။ အတော်များများက အီးမေးလ်အိုင်ဒီ မရှိကြသလို အင်တာနက်လည်း မသုံးနိုင်ကြဘူးလေ။ အဲဒါက ချမ်းသာတဲ့သူတွေအတွက် ဘာမှ အပြောင်းအလဲမဖြစ်ပေမယ့် ဆင်းရဲသားတွေရဲ့ အကျိုးစီးပွားအတွက်ကတော့ ဒီလုပ်ငန်းကို ဆက်ထားပေးသင့်ပါသေးတယ်” လို့ ရာဂူးဗီးယားဆင်းက ပြောပါတယ်။

ဒါပေမယ့် မီဒီယာ လေ့လာသုံးသပ်သူ ဗီးနက်ကူးမားကတော့ ဒီအချိန်ဟာ ၁၆၃ နှစ် သက်တမ်းရှိနေပြီဖြစ်တဲ့ ကြေးနန်းလုပ်ငန်းကို ဂုဏ်သိက္ခာရှိရှိ စွန့်လွှတ်ဖို့အချိန်ပဲလို့ ပြောပါတယ်။

“ကျနော်တို့ဟာ ကြေးနန်းကို မှန်ကန်တဲ့ရှုမြင်ပုံနဲ့ ကြည့်ကြရပါမယ်။ အဲဒါက ရေဒီယိုနဲ့ တီဗွီလောက်ပဲ ရှိတဲ့ခေတ်ကဖြစ်ပြီး လိုင်းသွယ် တယ်လီဖုန်းကိုတောင် လူအနည်းအကျဉ်းပဲ သုံးနိုင်တဲ့အချိန်ကပါဗျာ။ နောက် အဲဒီကြေးနန်းသုံးတဲ့ အခြေအနေမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍတခုပါ။ ဒါပေမယ့် ဒီကနေ့မှာတော့ မီဒီယာလောက ပြုံကြပ်နေပြီဆိုတော့ ကြေးနန်းလို မီဒီယာမျိုးက ဆက်ပြီးရှင်သန်ဖို့ အခွင့်အလမ်းမရှိတော့ပါဘူး။ စိတ်လှုပ်ရှားမှုတွေက တမျိုးဖြစ်နေပြီလေ။ နည်းနာဟောင်းတခုက ကျနော်တို့ကို လွမ်းသွားစေတာပေါ့ဗျာ။ ဒါပေမယ့် အရာရာတိုင်းကို ဈေးကွက်အင်အားစုတွေက အဆုံးအဖြတ်ပေးနေတဲ့ခေတ်ကြီးမှာတော့ ၀န်ဆောင်မှုလုပ်ငန်းတခုကို စတင်ဖို့ ဒါမှမဟုတ် ရပ်ဆိုင်းဖို့အတွက် လွမ်းဆွတ်တမ်းတမှုက အခြေခံ မဟုတ်တော့ပါဘူး။”

ဘစ်စ်မီလာ ဂီလာနီ (Bismillah Geelani) က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013