DVB Logo
Home
မြန်မာသတင်း
ဗြိတိန်ဘဏ်လုပ်ငန်းရှင်များနှင့် သမ္မတဦးသိန်းစိန် တွေ့ဆုံ
DVB
·
July 16, 2013
ဗြိတိန်ဘဏ်လုပ်ငန်းရှင်များနှင့် သမ္မတဦးသိန်းစိန် တွေ့ဆုံ
Donate to DVB

ဗြိတိန်နိုင်ငံမှာ ၂ ရက်တာ ချစ်ကြည်ရေးခရီးအဖြစ်  ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ  ဇူလိုင် ၁၆ ရက်နေ့မှာ  ဗြိတိန်နိုင်ငံက ဘဏ်လုပ်ငန်းရှင်တွေ၊ ငွေကြေး ဈေးကွက် ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘဏ်လုပ်ငန်းရှင်တွေနဲ့ ငွေကြေးဈေးကွက်ကျွမ်းကျင်သူတွေအပါအ၀င် ဥပဒေပညာရှင် တွေနဲ့ မနက်စာ သုံးဆောင်ခဲ့ပြီး ဆွေးနွေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

ဒီနောက်မှာတော့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနဲ့ တွေ့ဆုံခဲ့ပြီးတော့ ဗြိတိန် ပါလီမန်ကို သွားရောက်လေ့လာခဲ့တယ်လို့လည်း ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့ ညနေပိုင်းမှာ တော့ ပြင်သစ်နိုင်ငံကို ဆက်လက် ထွက်ခွာသွားဖို့ ရှိပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဇူလိုင် ၁၅ ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကို အမှတ် ၁၀ ဒေါင်းနင်းလမ်းက ၀န်ကြီးချုပ်ရုံးမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ဗြိတိန်ဝန်ကြီးချုပ်က လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ သမ္မတဦးသိန်းစိန်ကို တိုက်တွန်းခဲ့သလို  ရိုဟင်ဂျာ မွတ်စလင်လူနည်းစုကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေကို ပူပန်မိတယ်လို့  ဦးသိန်းစိန်ကို ပြောဆိုခဲ့တဲ့အကြောင်း လန်ဒန်ထုတ်သတင်းစာတွေမှာ ရေးပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ခရီးစဉ်အတွင်း ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်မြို့ကို မြန်မာ့လွတ်လပ်ရေးအတွက် လာရောက်ဆွေးနွေးစဉ်တည်းခိုခဲ့တဲ့ ဒေါချက်စတာ ဟိုတယ် (Dorchester Hotel) ကို သွားရောက်ခဲ့သလို ဗိုလ်ချုပ်ခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများကိုလည်း လေ့လာခဲ့ပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့  သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ  ဦးရဲထွဋ်ကတော့  ဗြိတိန် ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ ဒီခရီးစဉ်ကတော့ ကျနော်တို့ နိုင်ငံနဲ့ဗြိတိန်နိုင်ငံက ကျန်တဲ့ နိုင်ငံတွေနဲ့ ဥရောပထက်စာရင် ကျနော်တို့ နှစ်ပေါင်းများစွာ သမိုင်းကြောင်းနဲ့ ချီပြီးတော့ ဆက်ဆံခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်။ အခုအချိန်မှာ ကျနော်တို့က အရင်တုန်းက ၈၈ နောက်ပိုင်းမှာ အေးစက်သွားခဲ့တဲ့ ဆက်ဆံရေး ပြန်လည် ခိုင်မာအောင် ပြန်လည်ရှင်သန်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းအတွက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ကျနော်တို့ ရယူနိုင်ခဲ့တယ်။ ဒါကြောင့်မို့လို ဗြိတိန်မှာတော့ အောင်မြင်တဲ့ ခရီးစဉ်လို့ ကျနော်ပြောနိုင်ပါတယ်။ ကျနော်တို့ ဒီဘက်မှာ အောင်မြင်သလို့ပဲ ပြင်သစ်နိုင်ငံ ခရီးစဉ်ကိုလည်း အောင်မြင်တဲ့ ခရီးစဉ်ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည့်ပါတယ်။”

သမ္မတဦးသိန်းစိန်ဟာ ဆယ်စုနှစ် ၂ ခုလောက်ကာလအတွင်း  မြန်မာခေါင်းဆောင်တဦးရဲ့  ပထမဆုံး တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ၄ ရက်တာခရီးအဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013