DVB Logo
Home
မြန်မာသတင်း
ဟံသာဝတီလေဆိပ် စီမံကိန်း မြေသိမ်းမှု နစ်နာကြေးပေးရန် လယ်သမားများ ဆန္ဒပြ
DVB
·
July 16, 2013
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတည်ဆောက်ဖို့ အပါအ၀င် မြို့ပြစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ မြေတွေအတွက် အစားထိုးမြေယာတွေ ပြန်ပေးရာမှာ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးဖို့ ပဲခူးမြို့နယ်က  လယ်သမားတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ပဲခူးမြို့နယ်ထဲမှာ အစိုးရက ဟံသာဝတီလေဆိပ်စီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ တိုးချဲ့တက္ကသိုလ် စီမံကိန်းနဲ့  မြို့ပြစီမံကိန်းဆိုပြီး စီမံကိန်းကြီး ၄ ခု အကောင်အထည်ဖော် လုပ်ဆောင်ဖို့ရှိပြီး လယ်သမားတွေဆီက လယ်ယာခြံမြေ ဧကပေါင်း ၁၅၀၀၀ လောက်ကို ပဲခူးခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက သိမ်းဆည်းခဲ့တာပါ။

ဒီလို သိမ်းယူရာမှာ ထိုက်တန်တဲ့ လျော်ကြေးမရသလို အစားထိုးမြေယာ ပြန်ပေးရာမှာလည်း တရားမျှတမှု မရှိတဲ့အတွက် တရားမျှတစွာ ဖြေရှင်းပေးဖို့  တောင်းဆိုတဲ့အနေနဲ့ မြေသိမ်းခံရသူ ၂၀ ကျော် ဒီနေ့ ပဲခူးမြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူတဦးဖြစ်တဲ့ ဦးရန်ပိုင်စိုးက “မြို့ပြစီမံကိန်းမှာ အစားထိုး ပေးတာရှိပါတယ်၊ ဒါပေမယ့် နစ်နာမှု အတွက်ပေးတာရှိတယ်၊ အဲဒီနစ်နာမှုဟာ ဘယ်လိုမှ မထိုက်တန်တဲ့ နစ်နာမှု ဖြစ်နေတဲ့အတွက် ကျနော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ တက္ကသိုလ် စီမံကိန်းအတွက် လယ်သမားတွေကို နစ်နာကြေး ပေးခြင်း မရှိဘူး။ လေယာဉ်ကွင်းမှာ လယ်သမားတွေကိုရော နစ်နာကြေး မရှိဘူး။ စက်မှုဇုန်အတွက်လည်း ပေ ၂၅-၄၀ တကွက်ပဲ ပေးတာ ရှိပါတယ်။ အဲဒါတွေကြောင့် ကျနော်တို့ဟာ နှစ်ပေါင်း ၃၀ လောက် စိုက်ပျိုးလာတဲ့ အပင်တွေရှိတယ်။ အဲဒီကိစ္စနဲ့ ကျနော်တို့ဟာ နစ်နာကြေးဟာ ထိုက်တန်ခြင်း မရှိတဲ့အတွက် ဒီလို ဆန္ဒပြရခြင်း ဖြစ်တယ်။”

ဆန္ဒပြသူတွေဟာ  ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်ကနေ ရှင်စောပုလမ်းမှာ  လှည့်လည် လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး  ပဲခူးမြို့နယ် အာဏာပိုင်တွေကတော့ လုံထိန်းအင်အား ၁၀၀ လောက်ချကာ ဆန္ဒပြပွဲကို စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။

အစိုးရရဲ့ စီမံကိန်းတွေကြောင့် ပဲခူးမြို့နယ်ထဲမှာ  အိမ်ထောင်စု ၁ ထောင်ကျော် အိုးမဲ့ အိမ်မဲ့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး  တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် ဆက်ပြီး ဆန္ဒပြမှာဖြစ်သလို နိုင်ငံတော်သမ္မတဆီကိုလည်း တိုင်ကြားသွားဖို့ ရှိတယ်လို့ လယ်မြေသိမ်းခံရသူတွေက ပြောပါတယ်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို အစိုးရက  ဒီနှစ် စက်တင်ဘာလလောက်မှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013