DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းစာချုပ်သစ် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု
DVB
·
July 16, 2013
ကြေးနီစီမံကိန်းစာချုပ်သစ် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု
Donate to DVB

နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရရှိမယ့် စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်သစ်မူကြမ်းကို  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။

မြန်မာအစိုးရ၊ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ဘောင်ကုမ္ပဏီတို့အကြား အကျိုးတူခွဲဝေခံစားနိုင်တဲ့  ကြေးနီစီမံကိန်း စာချုပ်သစ် မူကြမ်းကို ဇူလိုင်လ  ၁၀ ရက်နေ့က ကျင်းပတဲ့  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကနေ  လုပ်ထုံးလုပ်နည်းနဲ့အညီ  ဆက်လက် ဆောင်ရွက်ဖို့ ဆုံးဖြတ်ပေးလိုက်တာပါ။

[caption id="attachment_37023" align="alignright" width="300" caption="(ဓာတ်ပုံ- ကိုသောင်းပုလဲမြေ)"][/caption]

စာချုပ်သစ်အရ  ဒီစီမံကိန်းကရလာတဲ့ အကျိုးအမြတ်တွေကို အစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ-၀မ်ဘောင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်က ၁၉ ရာခိုင်နှုန်း အကျိုးအမြတ်ခံစားကြရမှာပါ။

စာချုပ်ဟောင်းတုန်းက  အစိုးရက ၄ ရာခိုင်နှုန်း၊ မြန်မာ-၀မ်ဘောင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းနဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်က ၄၅ ရာခိုင်နှုန်း အကျိုး အမြတ်ခံစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
စာချုပ်သစ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တနှစ် အမေရိကန် ဒေါ်လာ ၂ သန်း အသုံးပြုသွားမယ်လို့ ထည့်သွင်းထားကြောင်းနဲ့ ဒေသခံလုပ်သားတွေကို ပိုမိုအလုပ်ခန့်သွားဖို့တွေ ပါဝင်တယ်လို့ သိရပါတယ်။

စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ ၀မ်ဘောင်ကုမ္ပဏီရဲ့ မီဒီယာတာဝန်ခံ ဦးမြင့်သိန်းက စာချုပ်သစ်ထဲမှာ CSR လို့ ခေါ်တဲ့ လူမှုပတ်ဝန်းကျင်နဲ့ လူသားအကျိုးပြုလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေအပြင် ပိုမိုကောင်းမွန်တဲ့ အချက်တွေ ပါရှိတယ်လို့  ဒီဗွီဘီကို  ပြောပါတယ်။

“အရင်တုန်းက အဲလောက် မများဘူးပေါ့။ အခုတော့ တော်တော်များသွားပြီ။ တ၀က်ကျော်ပြီပေါ့နော်။ စီမံကိန်း အဆင်ပြေအောင် အကောင်အထည် ဖော်နိုင်အောင် CSR လုပ်ငန်းအတွက် စီးမံကိန်တွေအနေနဲ့ တနှစ်ကို ၁ မီလီယံ သီးသန့်ရန်ပုံငွေ ထားပြီးတော့ CSR လုပ်ငန်းအတွက် ထားထားပေးတယ်။ ပတ်ဝန်ကျင် ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ တနှစ်ကို ၂ မီလီယံ ရန်ပုံငွေထားပြီးတော့ လုပ်နေတယ်။ လက်ရှိ ဈေးကွက်ရဲ့ ပေါက်ဈေးကို ယူပြီးတော့ လျော်ကြေး ထပ်တိုးခိုင်းတာပေါ့။ ဒီသုံးချက်တော့ ထိုးထားတာပေါ့။ ဦးပိုင်နဲ့ ကျနော်တို့ အကုန်လုံး လျော့သွားတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပေးချက်အရ ကျနော်တို့ လိုက်နာရမှာပဲ။”

ရင်းနှီးမြှုပ်နှံမှု ကော်မ၇ှင်က ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်တဲ့အတွက် ဒီလထဲမှာ စာချုပ်သစ်ကို တရားဝင် ချုပ်ဆိုဖို့ရှိပြီး စာချုပ်မှာ ဘာတွေပါလဲဆိုတာ အများပြည်သူသိရအောင် မြန်မာ-၀မ်ဘောင် ကုမ္ပဏီအနေနဲ့ သတင်းစာရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

ခုလို စာချုပ် ပြောင်းလဲချုပ်ဆိုဖို့ ဖြစ်လာတာဟာ မနှစ်က မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ လုပ်ကိုင်နေတဲ့ လက်ပန်းတောင်းကြေးနီစီမံကိန်းကို သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေက စီမံကိန်းဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြမှုတွေအပြီး နောက်ဆုံးဖြစ်ထွန်းမှုတခု ဖြစ်ပါတယ်။

စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြသပိတ်စခန်းတွေကို အစိုးရဘက်က ဖြိုခွင်းခဲ့လို့ သံဃာအများစုအပါအ၀င် ၁၀၀ ကျော် မီးလောင် ဒဏ်ရာတွေရခဲ့ပြီးနောက် သမ္မတက ဒီစီမံကိန်းဆက်လုပ်သင့်မသင့် အကြံပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့  စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

ကော်မရှင်ရဲ့အကြံပြုချက်ထဲမှာ နိုင်ငံတော်က ခံစားခွင့် အကျိုးအမြတ်နည်းပါးတယ်ဆိုတာ ထောက်ပြပြီး စာချုပ်အသစ်ပြင်ဆင်ချုပ်ဆိုပြီး စီမံကိန်း ဆက်လုပ်ဖို့ တိုက်တွန်းခဲ့တာပါ။
လက်ပန်းတောင်းတောင်  စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့ အဖွဲ့ကလည်း အကြံပြုချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်နေပြီး တရုတ်ကုမ္ပဏီတွေဘက်ကလည်း တရုတ်သံအမတ်ကိုယ်တိုင် ကျေးရွာတွေထိ ကွင်းဆင်းစည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြသူတဦးဖြစ်တဲ့ မသွဲ့သွဲ့ဝင်းက  ပွင့်လင်းမြင်သာမှုကို လိုလားတယ်လို့ ပြောပါတယ်။

“ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်ကနေ ကော်မတီဖွဲ့တယ်။ ကျမတို့ဆီကို တယောက်မှ မလာကြဘူး။ စာချုပ်ချုပ်ဆိုတဲ့အကြောင်းကိုလည်း ကျမတို့ကို ဘယ်သူမှလည်း မပြောဘူး။ အခုအချိန်အထိ သူတို့ဘက်က ပွင့်လင်းမြင်သာမှု မရှိသေးဘူး။ ကျမတို့ ဒေသခံတွေကျတော့ စာတွေ လာပို့တယ်။ တွေ့သွားတဲ့ ရွာတွေက ရွာသားတွေက အသိအမှတ်ပြုတယ်။ ကျမတို့ လက်ရှိ ရွာဟောင်းက လူတွေကတော့ ရွာအဖြစ် အသိအမှတ်မပြုဘူး။ ဖျက်ပစ်တယ်ပေါ့။ အဲဒီလို ကျမတို့ကို စာပို့တယ်။”

ဧက ၈၀၀၀ နီးပါးရှိတဲ့  လက်ပန်းတောင်းကြေးနီ စီမံကိန်းဧရိယာကို သတ္တုတွင်းဝန်ကြီးဌာနက အကြီးစားတူးဖော်ခွင့်ချပေးတာဖြစ်ပြီး မနှစ်စက်တင်ဘာလကစပြီး နှစ် ၆၀ မြေငှားဂရမ် ရရှိထားတာပါ။

ဒီစီမံကိန်းမှာ  ၀မ်ဘောင် သတ္တုကုမ္ပဏီ လီမိတက်က အမေရိကန်ဒေါ်လာ ၉၉၇ သန်း ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံပြီး ၁ နှစ်လျှင် ကြေးနီတန်ချိန် ၁ သိန်း ထုတ်လုပ်ဖို့ ရည်မှန်းထားကြောင်း  ကော်မရှင်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013