ကယားဝန်ကြီးချုပ်ဟောင်းကို အမှုဖွင့်အရေးယူပေးရန် ရဲစခန်းတွင်တိုင်ကြား
နော်နိုရင်း
·
October 12, 2020
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို အမှုဖွင့်အရေးယူပေးဖို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက လွိုင်ကော်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
ဖရူဆိုမြို့နယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အမှုဖွင့်အရေးယူပေးဖို့ အောက်တိုဘာ ၁၀ ရက်နေ့က တိုင်ကြားခဲ့တာပါ။
ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရားငှားရမ်းခရငွေတွေကို နိုင်ငံတော်ဘတ် ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ လက်ဝယ်ကိုင်တွယ်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် သုံးစွဲခြင်းနဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူပေးဖို့ တိုင်ကြားထားတာဖြစ်တယ်လို့ ဦးသဲရယ်က ပြောပါတယ်။
“အဓိက ကျနော်တို့အမှုတိုင်ရတဲ့အကြောင်းအရင်းကတော့ အရင်ကိစ္စပါပဲ။ စက်ယန္တရားနဲ့ ပတ်သက်တဲ့ ငွေရေးကြေးရေးကိစ္စပါပဲ။ တခြားတော့မပါပါဘူး။”
ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရားငှားရမ်းခရငွေတွေကို နိုင်ငံတော် ဘတ်ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ လက်ဝယ်ကိုင်တွယ်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် သုံးစွဲခြင်းနဲ့ ဒေသဖွံ့ဖြိုးရေးအကြောင်းပြကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ပြီး အဂတိလိုက်စား ဆောင်ရွက်ခဲ့တဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိ အဆင့်ဆင့်တို့ကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ စက်တင်ဘာ ၈ ရက်နေ့ကလည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ဦးသဲရယ်အနေနဲ့ တိုင်ကြားခဲ့ပါတယ်။
ဒီတိုင်ကြားချက်နဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို တိုင်ကြားထားတဲ့ကိစ္စ စုံစမ်းစစ်ဆေးခွင့်မရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာ ၃၀ ရက်စွဲနဲ့ တိုင်ကြားသူထံ အကြောင်းပြန်ပါတယ်။
အကြောင်းပြန်စာမှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခြင်း မပြုမီက ကိစ္စရပ်ဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ပေးလို့ မရကြောင်းနဲ့၊ သက်ဆိုင်ရာဌာနမှ တည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်ကိစ္စရပ်ဖြစ်ကြောင်း စာပြန်ထားခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြပါတယ်။
ဒီအကြောင်းပြန်စာအပေါ်မှာမူတည်ပြီး သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူ ပေးဖို့ တိုင်ကြားတာဖြစ်ပြီး ဒီကနေ့အထိရဲစခန်းက အမှုဖွင့်ပေးထားခြင်းမရှိသေးဘူးလို့လည်း ဦးသဲရယ်က ပြောပါတယ်။
“ကျနော်ကတော့ ဒီအဂတိကို တင်တဲ့စာအရပေါ့။ ကျနော်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကတင် တယ်။ ၃၀ ရက်နေ့မှာ ပြန်လာတာပေါ့။ ဒီပြန်တဲ့စာထဲမှာ ထူးခြားတာတခုကတော့ ဘာရေးထားလဲဆိုရင် သက်ဆိုင်ရာဌာနကနေပြီးတော့မှ တည်ဆဲဥပဒေနဲ့ အရေးယူဆောင်ရွက်ပါ ဆိုတဲ့ဟာ ပါလာတာပေါ့။ အဲတော့ကျနော်က အဲဒီစာအရပဲ ထပ်ပြီးပြီးမှရဲစခန်းကိုသွားပြီးမှ အမှုတိုင်ကြားပါတယ်။ အခုလောလောဆယ်တော့ ရဲစခန်းကလည်း အမှုဖွင့်ပေးတာမရှိသေးဘူး။ သူတို့ကတော့ (အထက်အာဏာပိုင်အမိန့်) ထပ်ယူဦးမယ် ဆိုပြီးတော့ အဲလိုပြောတာပေါ့နော်။ ဒါပေမဲ့ ဥပဒေရဲ့ အသွားအလာရဆိုလို့ရှိရင်တော့ ဒါက သွားတိုင်တာနဲ့ကို ချက်ချင်းအမှုဖွင့်ပေးရမယ်ဆိုတဲ့ဟာ တွေတော့ ကျနော်တို့သိရတာပေါ့နော်။ ဒါပေမဲ့ အခုက ရဲစခန်းက အဲလိုအချိန်ဆွဲတာကတော့ ဘာသဘောလဲတော့ မသိဘူးပေါ့နော်။”
ရဲစခန်းက ဒီအမှုနဲ့ပတ်သက်ပြီးဆောင်ရွက်ထားမှုအခြေအနေ သိရှိနိုင်ဖို့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အယုံအကြည်မရှိကြောင်း ကယားပြည်နယ် လွှတ်တော်မှာ စက်တင်ဘာ ၁ ရက်က ထောက်ခံမဲအများစုနဲ့ စွပ်စွဲပြစ်တင် မဲခွဲဆုံးဖြတ်ပြီးနောက် သမ္မတထံ တင်ပြခဲ့ရာမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က စက်တင်ဘာ ၃ ရက်နေ့စွဲနဲ့ ဦးအယ်လ်ဖောင်းရှိုကို ရာထူးကနေ ရပ်စဲခဲ့ပါတယ်။